မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်ကျော်အတွင်း ထိုင်းနိုင်ငံတွင် မြန်မာကလေးငယ် ၁၃၀,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်အထိ ထိုင်းနိုင်ငံအတွင်း မြန်မာကလေးငယ် ၁၃၁,၈၆၀ ဦး မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံတွင် မြန်မာကလေး မွေးဖွားနှုန်း ပိုများလာကြောင်း သတင်းများတွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် ၁၈,၉၀၅ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈,၇၂၈ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၄,၁၅၄ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၂၅,၀၈၇ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၂၈,၈၆၉ ဦးနှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်အထိ ၁၆,၁၁၇ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုနှစ်တွင် ပြီးခဲ့သော ဇွန်လ ၁၂ ရက်အထိ မြန်မာကလေးငယ် ၁၃,၅၀၄ ဦး မွေးဖွားခဲ့သဖြင့် တစ်လလျှင် မြန်မာကလေး နှစ်ထောင်ကျော် မွေးဖွားခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် နေရပ်ပြန်၍ ကလေးမွေးဖွားရန် အဆင်မပြေခဲ့သဖြင့် ထိုင်းနိုင်ငံတွင်ပင် ကလေးမွေးဖွားရန် ဆုံးဖြတ်ခဲ့ကြရကြောင်း ကော့စမွေရောက် ထားဝယ်ဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကိုယ်ဝန် စရတဲ့အချိန်တုန်းက ကလေးမွေးဖို့ဆိုပြီး ထားဝယ်ပြန်သွားတယ်။ ဒါပေမဲ့ နေရထိုင်ရတာ အဆင်မပြေ ဖြစ်လို့ ထိုင်းကိုပဲ ပြန်လာပြီး မွေးဖို့ စီစဉ်ခဲ့ရတယ်။ လာမယ့် အောက်တိုဘာထဲမှာ ကလေးမွေးမှာ။ စရိတ်စကတွေက မလွယ်လှဘူး ဒီမှာမွေးဖို့ စီစဉ်ရတာ” ဟု ၎င်းက ဆိုသည်။
ကိုယ်ဝန်ကို သားဖွားမီးယပ်ဆရာဝန် (OG) နှင့် တစ်ကြိမ်ပြသပါက ဘတ် ၇၀၀၀ ကျော် ကုန်ကျပြီး ဆေးရုံတွင် မွေးဖွားစရိတ်ကလည်း ဘတ် သုံးသောင်းမှ လေးသောင်းအထိ ကုန်ကျမည်ဟု တွက်ချက်ထားကြောင်း ၎င်းက ပြောဆိုသည်။
ပြီးခဲ့သော ငါးနှစ်ကျော်ကာလအတွင်း လာအိုကလေး ၂၅,၀၀၀ ကျော်၊ ကမ္ဘောဒီးယားကလေး ၂၇,၀၀၀ ကျော်နှင့် ဗီယက်နမ်ကလေး ၂၃၁ ဦး မွေးဖွားခဲ့သဖြင့် မြန်မာကလေးငယ်မွေးဖွားမှုနှုန်း အများဆုံးဖြစ်ခဲ့သည်။
မြန်မာကလေးငယ်များ ထိုင်းနိုင်ငံတွင် မွေးဖွားပြီးပါက မွေးစာရင်းဖြင့် ထိုင်းကျောင်းတက်ရောက်သူများရှိသလို ကလေးလမ်းလျှောက်တတ်စအရွယ်တွင် မိဘများက မြန်မာပြည်ပြန်ပို့မှုများလည်း ရှိကြောင်း မြန်မာအမျိုးသမီးများထံမှ သိရသည်။
Ref: The Thaiger, PRT







