ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချောင်းဆုံ (ဘီလူးကျွန်း) တွင် အဘိုးနှင့် အဘွား အသတ်ခံရမှု သမက်ဟောင်းကို ဖမ်းဆီး

August 25, 2026

မွန်ပြည်နယ်၊ ချောင်းဆုံ‌ (ဘီလူးကျွန်း) မြို့နယ်၊ ညောင်လမ်းကျေးရွာတွင် အသက် ၇၆ နှစ်အရွယ် အဘိုးနှင့် အဘွား ဇနီးမောင်နှံသတ်ဖြတ်ခံရမှုတွင် သမက်ဟောင်းဖြစ်သူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ ထံမှ သိရသည်။

သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး သားမက်ဟောင်းဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဦးအောင်အောင်ကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဦးအောင်အောင်ကို ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၄ ရက်တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီ ကားလမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ ဆိုသည်။

ဦးအောင်အောင်သည် သတ်ဖြတ်မှုကို ဝန်ခံထားပြီး ၎င်းနှင့်အတူ အဘွား၏ နားကပ်ကိုလည်း တွေ့ရှိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ရွှေတွေ ငွေတွေ ယူဖို့လုပ်တာတဲ့၊ တော်တော်လေးကို ရက်စက်တဲ့ လုပ်ရပ်ပါ။ အဲဒီလုပ်ရပ်ကြောင့်လည်း အခု ရပ်ရွာမှာလည်း ထိတ်လန့်နေကြတယ်” ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်အောင်ကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ညောင်လမ်းကျေးရွာရှိ နေအိမ်တွင် ထိုးသွင်း ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အဘိုးနှင့် အဘွား၏ ရုပ်အလောင်းကို ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ပတ်ဝန်းကျင်တွင် နေထိုင်သူများက တွေ့ရှိခဲ့သည်။