မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပွားနေပြီး ရေဘေးသင့်သူများ ဘေးလွတ်ရာ ပြောင်းရွှေ့နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းခန့်မှ စတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ စတင်ရေလွှမ်းလာခြင်းဖြစ်သည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် စျေးကြို၊ တောင်ဝိုင်း၊ ဖက်ခင်း၊ ရွှေပြည်အေး၊ ဒိုင်းဝန်ကွင်း၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ ဇေယျာမြိုင် အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု မြို့ခံတို့က ပြောသည်။
“ဖက်ခင်းလမ်းမမှာတော့ တော်ရုံတန်ရုံကားလေးတွေဆိုရင်တော့ သွားလို့အဆင်မပြေဘူး။ မိုးကလည်း ဆက်ကောင်းနေတော့ ရေက များလာဦးမှာ” ဟု မော်လမြိုင်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ရပ်ကွက်နေပြည်သူအချို့က ညပိုင်း ရေထပ်တက်လာမည်ကို စိုးရိမ်ကြသည့်အတွက် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နေကြသည်လည်း ရှိသည်။
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာသည့်အတွက် မော်လမြိုင်မြို့အပြင် သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရော အစရှိသည့် ဒေသတို့အတွင်းလည်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ယင်းအပြင် မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်း နှီးပဒေါ၊ အဘစ်၊ ဖေါင်စိန်ကျေးရွာတို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေရသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရ မော်လမြိုင်မြို့တွင် မိုးရေချိန် ၈.၂၄ လက်မ၊ မုဒုံမြို့တွင် ၇.၄၉ လက်မ၊ ချောင်းဆုံမြို့တွင် ၇.၀၈ လက်မ၊ ရေးမြို့တွင် ၆.၄၆ လက်မ၊ ကျိုက်မရောမြို့တွင် ၅.၇၅ လက်မ ရွာသွန်းခဲ့သည်။
မွန်ပြည်နယ်တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရုတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။







