မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဇီးပြောင်းကျေးရွာတွင် ဘောလုံးပွဲကျင်းပနေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား တစ်ဦး သေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းတွင် မိုးရာသီ ဘောလုံးပြိုင်ပွဲ ကျင်းပနေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘောလုံးပွဲကြည့်နေသည့် အသက် ငါးနှစ်အရွယ် KG ကျောင်းသားလေး တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အခြားကျောင်းသား၊ ကျောင်းသူများအပါအဝင် ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရသူများအနက်မှ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ လေးဦးကို ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်ဒဏ်ရာရသူများကို သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် ဆေးကုပေးနေသည်။
“ဘောလုံးပွဲကျင်းပတဲ့အချိန်မှာ လက်နက်ကြီး ကျတယ်။ ဘောလုံးပွဲကြည့်နေကြတဲ့ ကလေးတွေ ထိသွားတယ်။ ကလေးတစ်ယောက်တော့ ဆုံးသွားတယ်။ ကျန်တာက ဒဏ်ရာရကြတယ်။ ထိတာက ကလေးတွေများတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
အဆိုပါ လက်နက်ကြီးကို သိမ်ဇရပ်အခြေစိုက် စစ်အာဏာရှင်တပ်က ပစ်ခတ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့က ဆိုသည်။
ဇီးပြောင်းရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၁ ထိန်းချုပ်နယ်မြေထဲရှိ ကျေးရွာဖြစ်ပြီး စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်နေသည်ဟုလည်း ဆိုသည်။
စစ်အာဏာရှင်တပ်က ကျိုက်ထိုမြို့နယ်အတွင်းရှိ လူနေကျေးရွာများထဲကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေမှုကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ လူနေအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။







