ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချောင်းနှစ်ခွဒေသခံ ထောင်နှင့်ချီ နေရပ်မပြန်နိုင်သေး

August 19, 2026

ပုံစာ - တိုက်ပွဲကြောင့် ချောင်းနှစ်ခွတံတား ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသော ထောင်နှင့်ချီသည့် ဒေသခံများ ယနေ့ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွရဲစခန်းနှင့် တံတားဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သောင်းနှင့်ချီသည့် ဒေသခံတို့ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

ချောင်းနှစ်ခွဒေသကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ဒေသခံအချို့သာ နေရပ်ပြန်လာကြသည်။

လက်ရှိအချိန်ထိ ချောင်းနှစ်ခွဒေသခံ ၂,၅၀၀ ကျော်တို့က နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးအိမ်များနှင့် အခြားမြို့များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

“အခု ချောင်းနှစ်ခွမှာ ပြန်နေကြတဲ့လူတွေတော့ ရှိတယ်။ ပြန်မလာကြတဲ့လူတွေလည်း ရှိတယ်။ ရွာမှာက စစ်သားတွေက များတယ်။ သူတို့ ရွာမှာပဲ စခန်းချပြီး နေနေတယ်။ စစ်ကြောင်းထိုးတာလည်း ရှိတယ်။ အဲဒါကြောင့်လည်း မပြန်ရဲကြတာ။ တချို့ကလည်း အိမ်တွေ ပျက်စီးကုန်တော့ ပြန်ရင် နေစရာမရှိတော့ မပြန်ကြတာလည်း ရှိတယ်။ အဓိကကတော့ လုံခြုံရေးမရှိလို့ မပြန်ကြတာပါ” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

ကာလရှည်ကြာ တိမ်းရှောင်နေကြရသည့် ချောင်းနှစ်ခွဒေသခံများ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဒေသခံများက ဆိုသည်။

“သူများအရပ်ဒေသမှာ ပြောင်းပြီးနေရတော့ အခက်အခဲကတော့ မျိုးစုံကြုံရတယ်။ အဓိက နေဖို့နေရာ။ သူများအိမ်မှာ နှစ်နဲ့ချီနေဖို့က အဆင်မပြေဘူးလေ။ ပြီးတော့ စားရေး သောက်ရေး၊ အစပိုင်းက ပါလာတာတွေနဲ့ အဆင်ပြေပေမယ့် အခု ကြာလာတော့ ကုန်ပြီလေ။ အလုပ်လုပ်နိုင်တဲ့လူတွေက ရရာအလုပ် ရှာလုပ်၊ တချို့ကလည်း နိုင်ငံခြားထွက်၊ တချို့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ သားသမီးတွေ ပို့တဲ့ ပိုက်ဆံနဲ့ နေကြတယ်။ တချို့ကလည်း မိသားစုလိုက် ထိုင်းမှာ အလုပ်သွားလုပ်ကြတယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ချောင်းနှစ်ခွဒေသတွင် တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ထက်ဝက်ကျော် ထိခိုက်ပျက်စီးသွားခဲ့ရသည်။

ယင်းအပြင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြချိန် ကျန်ရစ်ခဲ့သည့်နေအိမ်များကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆိုင်ကယ်များ ယူဆောင်သွားကြသည်ဟုလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံတို့က ပြောသည်။

လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာနှင့် အနီးနားတစ်ဝိုက်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲထားခြင်း၊ စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မကြာခဏ တိုက်ခိုက်နေခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိသည်။