မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းအသစ်အတွက် မြေဧက ၃၂၀၀ ကျော် သိမ်းယူမည်ဖြစ်ကြောင်း စစ်အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
မုဒုံမြို့နယ်အတွင်းရှိ တော်ကူး၊ ကျိုက်ရွဲ၊ ညောင်ကုန်း၊ ဘဲရမ်းနှင့် ဝက်တဲကျေးရွာအုပ်စုတို့ရှိ ကွင်းပေါင်း ၁၄ ကွင်းက မြေဧက ၃၂၈၅ ကို သိမ်းယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
ကျိုက်ရွဲကျေးရွာအုပ်စုက ၁၆ ဒသမ ၄၈ ဧက၊ တော်ကူးကျေးရွာအုပ်စုက ၇ ဒသမ ၇၇ ဧက၊ ညောင်ကုန်းကျေးရွာအုပ်စုက ၁၅ ဒသမ ၉၉ ဧက၊ ဘဲရမ်းကျေးရွာအုပ်စုက ၀ ဒသမ ၂၉ ဧကနှင့် ဝက်တဲကျေးရွာအုပ်စု မြေဧက ၃၂၄၀ ကျော် ပါဝင်သည်။
လေယာဉ်ကွင်းစီမံကိန်းအသစ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရကြောင်း ဒေသခံများက ပြောသည်။
မြေများ သိမ်းဆည်းခံမည်ဆိုသည့်သတင်းကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်နေကြကြောင်း ၎င်းတို့က ဆိုသည်။
“လေယာဉ်ကွင်းလုပ်မယ်၊ မြေတွေ သိမ်းမည်ဆိုတာ သတင်းတွေတော့တွေ့နေတယ်။ ဒေသခံတွေအနေနဲ့က ဘာမှတော့ မသိသေးဘူး။ လာပြောတာမျိုးလည်း မရှိသေးဘူး။ ဒီလိုသတင်းတွေ့တော့ စိုးရိမ်ပူပန်မှုတွေတော့ ဖြစ်တာပေါ့။ ကိုယ့်မြေများ အသိမ်းခံရတော့မလား” ဟု စီမံကိန်းအကောင်အထည်ဖော်မည့် ဒေသမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက လေဆိပ်စီမံကိန်းအတွက် သိမ်းယူမည့် မြေဧကအရေအတွက်ကိုသာ ထုတ်ပြန် ထားပြီး လျော်ကြေးပေးမည့်ကိစ္စနှင့် စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မြေများကို ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ ၁ အရ အများပြည်သူ အကျိုးငှာ အသုံးပြုရန်အတွက် သိမ်းဆည်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လေယာဉ်ကွင်းအသစ် တည်ဆောက်ရေးစီမံကိန်းအတွက် သိမ်းယူမည် မြေဧက ၃၂၈၅ သည် ပင်မလေယာဉ်ကွင်းနှင့် လေယာဉ်ကွင်းအဝင်လမ်းမြေအဖြစ် အသုံးပြုရန်ဖြစ်ကြောင်း ဆိုသည်။
စစ်အစိုးရက မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာကြားက မြေများကို သိမ်းယူပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းတစ်ခုကိုလည်း အကောင်အထည်လျက်ရှိသည်။







