မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းကစပြီး ရေကြီးရေလျှံ နေကြောင်း ဒေသခံများထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာသည့်အတွက် မုဒုံမြို့နယ် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂) အကြားတွင် ကားလမ်းရေကျော်နေကြောင်း ဒေသခံများက ပြောသည်။
“နှီးပဒေါကျေးရွာမှာ ဒီမနက် ၈ နာရီလောက်ကစပြီး ကားလမ်း ရေကျော်နေပါတယ်။ ဆိုင်ကယ်တွေတော့ ဖြတ်လို့ မရတော့ဘူး။ ကားအသေးတွေလည်း ဖြတ်လို့မရတော့ဘူး။ အသွား အလာ သတိထားကြပါ” ဟု နှီးပဒေါဒေသခံလူငယ်တစ်ဦးက ပြောသည်။
လက်ရှိအနေအထားတွင် ကားငယ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာမရတော့သလို ရေတဖြည်းဖြည်း ပိုများလာသည့်အတွက် အန္တရာယ်ရှိနိုင်ကြောင်း ဖြတ်သန်းသွားလာနေသူအချို့က ဆိုသည်။
အဆိုပါ လမ်းပိုင်းကို အသုံးပြုမည်ဆိုပါက လမ်းခရီးအခြေအနေကို ကြိုတင်စုံစမ်းကြပါရန်နှင့် ရေကျော်နေသည့် လမ်းပိုင်အား အတင်းဖြတ်သန်းမောင်းနှင်ခြင်း မပြုကြရန် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းနှိုးဆော်ထားသည်။
“ရေအခြေအနေက ကားလမ်းပေါ် တော်တော်ကျော်နေပါတယ်။ ဆိုင်ကယ်၊ အိမ်စီးကားတွေ ဖြတ်လို့ အဆင်မပြေတော့ဘူး။ ကားအကြီးတွေတောင် ဖြတ်ဖို့ ခက်နေတယ်။ အတင်းဖြတ်မမောင်းကြပါနဲ့ အန္တရာယ်ရှိပါတယ်” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေကြီးရေလျှံနေသည့်ကားလမ်းပိုင်းနေရာတွင်၊ရ ကျေးရွာနေပြည်သူများ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ကူညီနေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ အနိမ့်ပိုင်း လူနေရပ်ကွက်နှင့် ကျေးရွာအချို့တွင်လည်း ရေဝင်နေသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာ၏ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရုတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီး ရေလျှံမှု သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။
Photo – ဒေသခံတစ်ဦး







