ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လမိုင်းမြို့တွင် ရွှေဆိုင်ရှေ့ သေနတ်ပြပြီး ကားလု

August 25, 2026

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက သေနတ်ပြပြီး ကားလုယူ သွားကြောင်း ဒေသခံများထံမှ သိရသည်။

လမိုင်းမြို့ရှိ ယုဇနအာမခံစိန်ရွှေရတနာ အိမ်ဆိုင်ရှေ့တွင် ရပ်ထားသည့် အဆိုပါဆိုင်ကပိုင်ဆိုင်သည့် ကားကို ယနေ့ နံနက် ၉ နာရီကျော်က လုယူသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ပြခြိမ်းခြောက်ပြီး ကားပေါ်ရှိနေသူများကို ဆင်းခိုင်းကာ ကားကို မောင်းနှင်ထွက်ပြေးသွားကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။

“ဆိုင်ထွက်တဲ့အချိန်မှာ ဆိုင်ရှေ့ ရပ်ထားတဲ့ ကားပေါ်မှာ လူရှိတယ်။ ပစ္စတိုသေနတ်ပြပြီး ကားပေါ်က လူတွေကို ဆင်းခိုင်း ပြီးတော့ ကားကို လုပြေးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လုယက်ခံရသည့် ကားသည် အမဲရော Ford ecosport အမျိုးအစားဖြစ်ပြီး တွေ့ရှိပါက အကြောင်းကြားပေးရန် ယုဇန အာမခံစိန်ရွှေရတနာဆိုင်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

ကားလုယက်ခံရမှုနှင့် ပတ်သက်ပြီး မော့ကနင်းကျေးရွာရှိ စစ်အာဏာရှင် ၁၀၆ တပ်ရင်းကို တိုင်ကြားထားပြီး ကားလုယူ ထွက်ပြေးသွားသူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

မွန်ပြည်နယ်တွင် ရွှေ၊ ငွေ၊ ဆိုင်ကယ်လုယက်မှုဖြစ်စဉ်များအပြင် လုယက်မှု သတ်ဖြတ်မှုဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသည်။

ဩဂုတ်လ ၂၂ ရက်ကလည်း ချောင်းဆုံ (ဘီးလူးကျွန်း) မြို့နယ်တွင် ရွှေ၊ ငွေ လုယက်ပြီး အသက် ၇၆ နှစ်အရွယ် အဘိုး၊ အဘွား ဇနီးမောင်နှ့နှစ်ဦးကို သတ်ဖြတ်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဇူလိုင်လအတွင်းကလည်း မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ် Taxi သမားတစ်ဦး ဆိုင်ကယ်လုယက် သတ်ဖြတ်ခံခဲ့ရသည်။