အဖေဖြစ်သူ ကွယ်လွန်သွားပြီးတဲ့နောက် ကာလအားဖြင့် သိပ်မကြာခင်မှာ မက်ဆီဟာ ဘောလုံး ပြန်ကစားခဲ့ပေမဲ့ စိတ်အဆင်မပြေမှုတွေကို ရင်ဆိုင်နေရဆဲပဲဖြစ်တယ်လို့ ESPN UK က ရေးသားလိုက်ပါတယ်။
မက်ဆီဟာ သူ့ရဲ့ကလပ် အင်တာမိုင်ယာမီအတွက် ပါဝင်ကစားပေးနေပေမယ့် အရင်တုန်းကလောက် ခြေစွမ်းပြနိုင်ခြင်း မရှိတော့သလို ဖိအားတွေ ခံစားနေရပုံလည်းရှိတယ်လို့ အားကစားရေးရာသုံးသပ်သူတွေက မှတ်ချက်ပေးထားပါတယ်။
မက်ဆီကလည်း သူ့ရဲ့ဖခင် ကွယ်လွန်သွားတာကြောင့် အဆင်မပြေမှုတွေ ရှိနေတာကို ထုတ်ဖော်ဝန်ခံထားပြီး သူ့အနေနဲ့ ကစားသမားဘဝကနေ အနားယူလိုက်ဖို့အထိ စဉ်းစားတာတွေ ရှိနေပြီလို့လည်း မက်ဆီက ထုတ်ဖော်ပြောကြားထားပါတယ်။
“အဖေ့ကို ကျွန်တော် ကစားသမားဘဝကနေ အနားယူတဲ့အချိန်ရောက်ရင် အတူရှိနေစေချင်ခဲ့တာပါ။ အခုတော့ ဒါဟာ ဖြစ်လာနိုင်စရာ မရှိတော့ပါဘူး။ တကယ်က ဒီခရီးလမ်းကို အဖေနဲ့အတူ ကျွန်တော် စတင်လျှောက်လှမ်းခဲ့တာပါ။ ကျွန်တော့်ကစားသမားဘဝ အဆုံးသတ်အချိန်ရောက်ရင် အဖေ ရှိမနေတော့ဘူးဆိုတာက ကျွန်တော့်ကို နာကျင်စေပါတယ်”လို့ မက်ဆီက အသိပေးသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီ ဟာ အခုဆိုရင် ပြိုင်ပွဲအရပ်ရပ် ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားခဲ့ပြီဖြစ်ပြီး အဲ့ဒီပွဲစဉ် ၅ ပွဲမှာ သရေပွဲ တစ်ပွဲ ရရှိတာကလွဲလို့ ကျန်တဲ့လေးပွဲမှာ အင်တာမိုင်ယာမီက အရှုံးရလဒ်တွေနဲ့ချည်း ကြုံဆုံရင်ဆိုင်ထားရပါတယ်။
အင်တာမိုင်ယာမီ ဟာ လိဂ်ဖလားပွဲစဉ်တွေမှာ မွန်တာရေး ကို ၂ ဂိုး ၁ ဂိုး၊ ကလပ်လီယွန် ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့ပြီး မေဂျာလိဂ်ပွဲစဉ်တွေမှာတော့ နတ်ရှ်ဗီး ကို ၄ ဂိုး ၁ ဂိုး၊ တိုရွန်တို ကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ကာ ဖီလာဒဲလ်ဖီးယား ယူနီယံနဲ့ ၂ ဂိုးစီ သရေဖြစ်ထားပါတယ်။
အခြားတစ်ဖက်မှာ မက်ဆီရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုကလည်း အခုလာမယ့်ဘောလုံးရာသီဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးရာသီဖြစ်နိုင်တယ်လို့ အရိပ်အမြွက်ပြောကြားနေပြီဖြစ်ပါတယ်။







