ဘောလုံးကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် ထောင်ဒဏ်ကျခံရတဲ့အထိ ဘဝအခြေအနေဆိုးခဲ့တဲ့ ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒင်ညို ဟာ ဘောလုံးလောကထဲကို တစ်ကျော့ပြန်လည် ဝင်ရောက်လာခဲ့ပါပြီ။
အသက် ၄၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒင်ညို ဟာ အီတလီ စီးရီးစီကလပ် ရာဗင်နာနဲ့ စာချုပ်,ချုပ်ဆိုလိုက်တဲ့သတင်းကို အတည်ပြုသွားခဲ့ပြီး ဘောလုံးကစားသမားဘဝ ဖြတ်သန်းမှုရဲ့ နောက်ဆုံးသွင်းဂိုးတစ်ဂိုးကို ရာဗင်နာနဲ့အတူ ရယူလိုတာကြောင့် ဘောလုံးလောကထဲဆီ တစ်ကျော့ပြန်လည် ဝင်ရောက်လာတာဖြစ်တယ်လို့ ရော်နယ်ဒင်ညိုက အသိပေးထားပါတယ်။
ရော်နယ်ဒင်ညိုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဖလူမီနိစ်နဲ့ လမ်းခွဲလိုက်အပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး အဲ့ဒီလို ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် ၁၁ နှစ်အကြာမှာ ရော်နယ်ဒင်ညိုက ကစားသမားဘဝထဲဆီ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ရော်နယ်ဒင်ညို ဟာ ရာဗင်နာကလပ်ဆီကို ကစားသမားတစ်ယောက်အဖြစ်နဲ့တင် ပြန်လာတာ မဟုတ်ဘဲ အသင်းရဲ့ ရှယ်ယာရှင်၊ အသင်းရဲ့ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ရှာဖွေရေး သံတမန်အဖြစ် ရောက်လာခဲ့တာဖြစ်တယ်လို့ ရာဗင်နာအသင်းက သတင်းထုတ်ပြန်ထားပါတယ်။
“ရာဗင်နာအတွက် ကျွန်တော် ပွဲထွက်ကစားပေးသွားမယ်ဆိုတဲ့သတင်းက အမှန်ပါပဲ။ ဒါဟာ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ တရားဝင်ပွဲစဉ်တွေမှာ မိနစ်အနည်းငယ်လောက်တော့ သေချာပေါက် ဝင်ကစားပေးမှာပါ၊ ကျွန်တော်ရဲ့ ကြံ့ခိုင်မှုအပေါ်မူတည်ပြီး ဘယ်လောက်ကစားပေးလို့ရနိုင်သလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ရာဗင်နာဆီကို သူရောက်ရှိလာတာနဲ့ပတ်သက်ပြီး ရော်နယ်ဒင်ညိုက ရှင်းပြထားပါတယ်။
ရာဗင်နာကလပ်အသင်းရဲ့ ဥက္ကဌ အစ်ဂ်နာဇီယို စီပရီယာနီ ကလည်း “ရော်နယ်ဒင်ညိုကို ခေါ်ယူပြီး နာမည်ကြီးအောင် ကျွန်တော်တို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ အသင်းရဲ့ရှယ်ယာရှင်တစ်ဦး ဖြစ်လာပါတယ်။ ဒီအသင်းအတွက် ကြီးမားလှတဲ့လက်ဆောင်တစ်ခုအဖြစ် သူ ရောက်ရှိလာခဲ့တာပါ”လို့ ရော်နယ်ဒင်ညို ရောက်လာတာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ရော်နယ်ဒင်ညို ရောက်ရှိလာတာကို ပရိသတ်ပေါင်း ၆,၀၀၀ ကျော်က စောင့်ဆိုင်းကြိုဆိုခဲ့ကြပြီး ရော်နယ်ဒင်ညို ဟာ အသင်းအတွက် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ပြီး ကစားပေးသွားမှာဖြစ်ကြောင်း ရာဗင်နာအသင်းက အသိပေးထားပါတယ်။
“ပထအဆင့်ကိုပြောရရင် အသင်းနဲ့အတူ လေ့ကျင့်ရေး အပြည့်အဝ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ကို ကျွန်တော် အာရုံစိုက်သွားမှာပါ။ ပွဲထွက်ကစားနိုင်မယ့်အခြေအနေကိုတော့ ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြအဖွဲ့က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်”လို့ ရော်နယ်ဒင်ညိုက ပြောကြားခဲ့ပါတယ်။
Source – Football Italia







