မြိတ်-တနင်္သာရီလမ်းပိုင်းမှတစ်ဆင့် ဝင်ရောက်ရသည့် သကန်ရွာဟောင်းကျေးရွာက ရွာသားများကို စစ်အာဏာရှင်တပ်ဖွဲ့က မနက်ဖြန် ဩဂုတ်လ ၂၇ရက် နောက်ဆုံးထား၍ ရွာမှပြောင်းရွေ့ခိုင်းကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်လ ၂၂ရက် ညနေတွင် မဇောကျေးရွာအုပ်စု မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမပေါ်ရှိ သကန်တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ထံ မြိတ်မြိုမှ ကားဖြင့် အင်အား၆၀ဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယင်းသို့ အင်အားဖြည့်ပြီးနောက် သြဂုတ်လ ၂၅ရက်တွင် သကန်ရွာဟောင်းနှင့် တောင်ပုရွာကို စစ်အာဏာရှင်တပ်သားများဝင်ရောက်လာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်လျှင် ရွာကို မီးရှို့မည်ဟု စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ပြောဆိုကြောင်း ၎င်းက ပြောဆိုသည်။
သကန်ရွာဟောင်းနှင့် တောင်ပုရွာကို သကန်တောင်ပုရွာလမ်းဆုံမှ တစ်ဆင့် ဝင်ရောက်ရပြီး တစ်ဆက်စပ်တည်းရှိသည့်ရွာများဖြစ်သည်။
ယနေ့ သြဂုတ်လ၂၆ရက် ညနေတွင် သကန်တောင်ပုရွာရှိ စစ်အာဏာရှင်စစ်ဆေးရေးဂိတ်က တပ်သားများသည် သကန်ရွာဟောင်းတွင်နေထိုင်သူများကို ဩဂုတ်လ ၂၇ရက် အပြီးရွာမှပြောင်းရွေ့ကြရန် ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ပုရွာစာသင်ကျောင်းကိုလာပြီး ကျောင်းဆရာမများမှတစ်ဆင့် မိဘများကို ပြောခိုင်းလိုက်ခြင်းကြောင်း ၎င်းတို့က ဆိုသည်။
“ဂိတ်ကနေ ကျောင်းဆင်းချိန်မှာ မှာလိုက်တယ်။ ရွာဟောင်းဘက်မှာ နေသူတွေ မနက်ဖြန် အပြီး ပြောင်းပေးပါလို့” ဟု ဒသခံတစ်ဦးက ပြောသည်။
မည်သည့် အကြောင်းအရင်းကြောင့် ပြောင်းရွှေ့ခိုင်းသည်ကိုမူ ပြောဆိုအသိပေးခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
သြဂုတ်လ ၂၂ရက် နံနက်၁၁နာရီတွင် သကန်တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်ရှေ့ရှိသည့် စစ်အာဏာရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ရာ အပြန်လှန်ပစ်ခတ်မှု မိနစ်၃၀ခန့်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။







