မြိတ်ခရိုင်၊တုံးဗျောကျေးရွာအုပ်စု၊တုံးဗျောကြီးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ တုံးဗျောကြီးရွာဟောင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တုံးဗျောကြီးရွာဟောင်းကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများကို KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) က ဩဂုတ်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်သားများထံမှ MA-1 တစ်လက်၊ MA-2 နှစ်လက်၊ MA-11 တစ်လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းတိုက်ပွဲအတွင်း KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) မှ ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စကစ ငါးယောက်သေပြီး တစ်ယောက်က နာသွားတယ်။ လက်နက်တွေပါရလာတယ်။ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားကြတယ်”ဟု တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးများဖြင့် တုံးဗျောရွာဟောင်းဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၂၅ရက်နေ့တွင် စစ်အာဏာရှင်တပ်က တုံးဗျောကြီးရွာဟောင်းဆီးအုန်ခြံထဲကို ဂျိုင်ရိုကော်ပတာလေးစီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။







