မန်ယူအသင်းရဲ့ဂန္ထဝင်ကစားသမားစာရင်းထဲမှာ ပါဝင်တဲ့ ရွိုင်ယန်ဂစ်၊ အီဗရာ၊ ဘာဘာတော့ဗ်နဲ့ အန်ဒါဆန်တို့ဟာ လာမယ့် အောက်တိုဘာလမှာရန်ကုန်မြို့ကို ရောက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။
ရွိင်ယန်ဂစ်၊ အီဗရာ နဲ့ ဘာဘာတော့ဗ်တို့ဟာ မန်ယူအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေဖြစ်သလို အန်ဒါဆန် ဆိုရင်လည်း ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ယူအသင်း ဗိုလ်စွဲတုန်းက ပင်နယ်တီအဆုံးအဖြတ် ခံယူရချိန်မှာ နည်းပြကြီး ဖာဂူဆန် က ယုံကြည်မှုအပြည့်အဝထားရှိပြီး ပင်နယ်တီကန်ဖို့ အခွင့်အရေးပေးအပ်ခံခဲ့ရသူဖြစ်ပါတယ်။
Legendary Players in Yangon လို့ နာမည်ပေးထားတဲ့ Meet and Greet အစီအစဉ်ကို The Garden Agency က စီစဉ်တာဖြစ်ပြီး အောက်တိုဘာလ ၃၀၊ အောက်တိုဘာလ ၃၁ နဲ့ နိုဝင်ဘာလ ၁ ရက်တွေမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၃၁ ရက်တွေမှာ Legendary Players in Yangon Meet and Greet အစီအစဉ်ကို Melia Hotel The Grand Ballroom မှာ ကျင်းပသွားဖို့ ရှိနေပြီး နိုဝင်ဘာလ ၁ ရက် အခမ်းအနားကိုတော့ Yangon Convention Centre မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။
Legendary Players in Yangon Meet and Greet တွေ့ဆုံပွဲအခမ်းအနားမှာ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါရှိမှာဖြစ်ပြီး ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ လုဖရင်း၊ ထွန်းထွန်း (Examplez)၊ ဝိုင်းစုခိုင်သိန်းနဲ့ ရဲလေးတို့က ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။







