ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ကြောင်းကြောင့် သရက်ချောင်းရှိ မြိတ်-ထားဝယ်ကားလမ်းပိုင်း ကားအချို့ပိတ်မိပြီး ကားပြေးဆွဲမှုရပ်

September 3, 2026

ပုံစာ - သရက်ချောင်း -မြိတ် လမ်းပိုင်းတစ်နေရာ။( ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်း မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပြီး ပစ်ခတ်မှုများရှိနေသဖြင့် ကားအချို့ ပိတ်မိနေသလို ယနေ့တွင် ကားများလည်း ပြေးဆွဲခြင်း မရှိတော့ကြောင်း ဒေသခံအချို့နှင့် ကားလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

ယနေ့ စက်တင်ဘာလ ၃ရက် နံနက် ၆ နာရီခန့်တွင် ပြင်းဖြူကြီးရွာနှင့် ပိတိုင်ရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြင်းဖြူကြီးကျေးရွာမှာ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်း ဘေးတွင် တည်ရှိသည်။

“မြိတ်-ထားဝယ် အတက်အဆင်း ကားတွေတော့ မနက်တည်းကနေ အခုညနေအထိ တစ်စီးတလေတောင် မတွေ့ရဘူး၊ လမ်းပေါ်မှာ ခြောက်ကပ် တိတ်ဆိတ်နေတယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သရက်ချောင်းမြို့အထွက် ဆင်းကူးရွာမှ ဝင်းဝရွာ စစ်အာဏာရှင်တပ်စခန်းအထိ ဩဂုတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာလ ၁ ရက်တွင် သရက်ချောင်းမြို့ဘက်ကို ပြန်ဆုတ်လာကြောင်း ဒေသခံများက ဆိုသည်။

ဝင်းဝရွာဘက်မှ သရက်ချောင်းမြို့ဘက်ကို ဦးတည်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) ပူးပေါင်းတပ်တို့ မိနစ် ၃၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်း ထိုးနေပြီး ထိတွေ့ပစ်ခတ်မှု ရှိသဖြင့် ထားဝယ်-မြိတ် အတက်အဆင်း ကားအချို့ ကားမထွက်ဘဲ ရပ်နားထားပြီး ကားအချို့မှာမူ သရက်ချောင်းမြို့နယ်တွင် ပိတ်မိနေကြောင်း ဒေသခံအချို့နှင့် ကားလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

“ကားကတော့ မနေ့ကတည်းက ကားမထွက်ဖြစ်ဘူး။ ဒီနေ့တစ်နေ့လုံးလည်း ကားတွေ သွားလာနေတာ မတွေ့ရဘူး။ လမ်းပိတ်ထားတယ်လို့ပြောတယ်။ လမ်းပေါ်မှာ (ကားတွေ) ရှင်းလင်းနေတာပဲ” ဟု ထားဝယ်-မြိတ် ခရီးသည်တင်ကားငယ် ပြေးဆွဲနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စုံစင်ဖျားရွာအပါအဝင် မြိတ်-ထားဝယ်ကားလမ်းဘေးက ရွာရှိ အရပ်သားနေအိမ်များကို ဖောက်ထွင်းရှာဖွေထားကြောင်း စုံစင်ဖျားရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။

“မရှာတဲ့ အိမ်ဆိုတာ တစ်အိမ်မှ မရှိဘူး။ သော့တွေရိုက်ဖျက် ဘီဒိုတွေဖွင့် ရှာထားဖွေထားတာ အိမ်တိုင်းပဲ။ ကျွန်တော်တို့ အိမ်မှာလည်း မွှေထားတာ တစ်အိမ်လုံး ပွစာကြဲနေတယ်။ ရွှေနဲ့ ပိုက်ဆံတွေ ရှာတာဖြစ်မယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေသဖြင့် မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ရှိ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာများမှ ဒေသခံအများစု အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ရွာအတွင်း အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများသာ ကျန်ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။