သရက်ချောင်းမြို့နယ် တောင်ဘက်ပိုင်းကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသဖြင့် မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။
“အောက်ဘက်က ရွာတွေမှာ ဒေသခံ အတော်များများ ထွက်ပြေးနေကြတယ်။ မြိတ်ဘက်က အတက်ကားတွေတော့ ပုံမှန်အတိုင်း သွားနေတယ်။ ထားဝယ်ကနေ မြိတ်ကို ဆင်းတဲ့ကားတွေတော့ အခုနေ့လယ်အထိ သိပ်ပြီး ဆင်းလာတာ မတွေ့ရဘူး။ ဒေသတွင်း သွားလာတဲ့ကားတွေလောက်ပဲ ရှိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်၊ ပိတိုင်၊ ပြင်းဖြူကြီးရွာမှ ဝင်းဝစခန်းအထိ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းတစ်လျှောက်ကို ဩဂုတ်လ ၂၆ ရက်မှ စတင်ကာ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဝင်းဝစခန်းသို့ ရောက်ရှိပြီးနောက် စက်တင်ဘာ ၁ ရက်တွင် သရက်ချောင်းမြို့ဘက်သို့ ပြန်တက်လာနေပြီး ယနေ့နံနက်ပိုင်းတွင် ချောက်ချောင်း၊ ပြင်းဖြူကြီးရွာဖျားဘက်သို့ စစ်ကြောင်း ရောက်ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။
“ဆင်းသွားတုန်းကလည်း ပြင်းဖြူကြီးရွာမှာ တစ်ညအိပ်သွားတယ်။ အဲဒီနေ့ကတည်းက အရွယ်ရှိတဲ့ ယောကျ်ားတွေ ရွာမှာ မနေရဲလို့ ထွက်ပြေးနေရတယ်။ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေနဲ့ ကလေးတွေ၊ အမျိုးသမီးတွေပဲ ရွာမှာ ကျန်တယ်” ဟု ပြင်းဖြူကြီးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဩဂုတ်လ ၂၈ ရက်တွင် ကျွဲစပ်ရွာမှ စိတ်မနှံ့သည့် လူငယ်တစ်ဦးကို ဖမ်းဆီးကာ ရိုက်နှက်ညှဉ်းပန်းခဲ့သဖြင့် ဆေးရုံတင်ထားရကြောင်း၊ ၃၀ ရက်နေ့တွင် ပြင်းဖြူကြီးရွာထဲ စစ်ကြောင်းဝင်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ် တောင်ဘက်ပိုင်းသို့ စစ်ကြောင်းဆင်းနေသဖြင့် မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။
သရက်ချောင်းမြို့နယ် မြောက်ဘက်ပိုင်းရှိ ကျေးရွာများတွင်မူ စစ်အာဏာရှင်တပ် စစ်ကြောင်း မရှိတော့သဖြင့် နေရပ်သို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်အချို့ထံမှ သိရသည်။







