ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် မီးကြိုးစက်ရုံတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁၃၀ နီးပါးသည် နစ်နာကြေးမရရှိဘဲ ရုတ်တရက် အလုပ်ရပ်နားခံရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။
အလုပ်ရပ်နားခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၀၄ ဦး စုစုပေါင်း ၁၂၉ ဦး ပါဝင်ပြီး အများစုသည် လုပ်သက် ငါးနှစ်မှ ခြောက်နှစ်အထိ ရှိသူများဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။
စက်ရုံ ဒေဝါလီခံ၍ ပိတ်သိမ်းတော့မည်ဟု ဩဂုတ်လ ၃ ရက်နေ့တွင် အလုပ်သမားများကို ပြောဆိုပြီးနောက် မြန်မာအလုပ်သမားများကို လုပ်သက်နစ်နာကြေး မပေးဘဲ အလုပ်မှ ရပ်နားခဲ့ကြောင်း ဆိုသည်။
ထို့ကြောင့် အလုပ်သမားများက လုပ်သက်နစ်နာကြေး ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် ဩဂုတ်လ ၃၁ ရက်တွင် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြကြောင်း WAG အဖွဲ့မှ ကိုမုန်တိုင်းက ပြောသည်။
“အခုအထိ စက်ရုံဘက်က လာပြီး မဖြေရှင်းပေးသေးဘူး။ အလုပ်သမားတွေ ခန့်ထားတဲ့ အေဂျင်စီတွေကတော့ အလုပ်ထပ်ရှာပေးမယ်လို့ပဲ ပြောနေတာ။ နစ်နာကြေးကိစ္စအတွက် တာဝန်မယူပေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အမှုနှင့် ပတ်သက်၍ အလုပ်သမားများနှင့်အတူ WAG အဖွဲ့က အလုပ်သမားရုံးများတွင် တိုင်ကြားထားပြီး အလုပ်ရှင် လာရောက်ဖြေရှင်းမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုင်းတွင် အလုပ်ရပ်နားခံရပါက လုပ်သက် သုံးလမှ တစ်နှစ်ကြား ရှိသူများက လုပ်အားခ တစ်လစာ၊ လုပ်သက် တစ်နှစ်မှ သုံးနှစ်ကြားရှိပါက သုံးလစာ၊ လုပ်သက် သုံးနှစ်မှ ခြောက်နှစ်ကြားရှိပါက ခြောက်လစာ နစ်နာကြေးများ ခံစားခွင့်ရှိကြောင်း အလုပ်သမားဥပဒေတွင် ပြဋ္ဌာန်းထားသည်။







