ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် အခန်းထဲ နေ့ကလေးထိန်းပေးနေသည်ဟုဆိုကာ မြန်မာအမျိုးသမီးတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၂၆ ရက်က ဖူးခက်မြို့ ဖိချစ်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦးက ကလေးများကို အခန်းထဲတွင် ထိန်းပေးနေသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းခဲ့ကြောင်း ဖော်ပြသည်။
အခန်းထဲ စစ်ဆေးစဉ် မြန်မာအလုပ်သမားများ၏ ကလေးငယ် ၈ ဦးနှင့်အတူ အသက် ၄၀ နှစ်အရွယ် မကေသီလှိုင်အမည်ရှိ မြန်မာအမျိုးသမီးကို တွေ့ရကြောင်း ဖော်ပြသည်။
ကလေးငယ် တစ်ဦးလျှင် ဘတ် တစ်ထောင် ဖြင့် နေ့ဘက် မိဘများ အလုပ်သွားနေချိန် ထိန်းပေးနေခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်နေသည်မှာ လေးလခန့်သာ ရှိသေးကြောင်း မြန်မာအမျိုးသမီးက ထွက်ဆိုသည်။
ခွင့်ပြုချက်မရှိဘဲ ငွေကြေးရယူ၍ ကလေးထိန်း ဝန်ဆောင်ပေးမှုကို လုပ်ကိုင်နေသဖြင့် တရားမဝင် ကလေးထိန်းဝန်ဆောင်ပေးမှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ရဲတပ်ဖွဲ့က မြန်မာအမျိုးသမီးကို အမှုဖွင့်၍ ဖိချစ်ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း ဖော်ပြသည်။
Ref: MGR Online, Phuket News







