ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် ဧည့်လမ်းညွှန်လုပ်၍ဟုဆိုကာ မြန်မာတစ်ဦး ဖမ်းဆီးခံရ

August 26, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန် လုပ်ကိုင်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးသည် ချင်းမိုင်မြို့တွင် ခရီးသွားလုပ်ငန်းများကို ပက်ကေ့ဂျ်အလိုက် ဆိုရှယ်မီဒီယာပေါ်၌ ရောင်းချနေသည်ဟု ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့(ဩဂုတ် ၂၆)တွင် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ အဆိုပါ မြန်မာနိုင်ငံသားသည် ဟိုတယ်တစ်ခုမှ ခရီးသွားနှစ်ဦးကို ကားဖြင့်ကြိုယူကာ ချင်းမိုင်မြို့အတွင်းရှိ နာမည်ကြီး ဘုရားများ၊ ပန်းခြံနှင့် မြို့ဟောင်းတံခါးသို့ ပို့ဆောင်ပြီး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရဟုဆိုသည်။

မြို့ဟောင်းတံခါး (ထာ့ဖယ်ဂိတ်) တွင် မြန်မာနိုင်ငံသားနှင့် ခရီးသွားနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းစဉ် ခရီးသွားနှစ်ဦးက ၎င်းကို ယခင်က သိကျွမ်းခဲ့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ကြော်ငြာရောင်းချသည့် ခရီးသွားပက်ကေ့ဂျ်ကို တည်းခိုစရိတ်အပါအဝင် ဘတ် ၁၂,၇၀၀ ဖြင့် ဝယ်ယူကာ လိုက်ပါလာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံသား၏ လက်ကိုင်ဖုန်းကို ဆက်လက်စစ်ဆေးရာ ခရီးသွားလုပ်ငန်းလိုင်စင်နှင့် ဧည့်လမ်းညွှန်လိုင်စင် မရှိဘဲ ခရီးသွားပက်ကေ့ဂျ် ရောင်းချထားမှုများ၊ ငွေလွှဲဖြတ်ပိုင်းများ၊ ခရီးစဉ်အစီအစဉ်များနှင့် ဟိုတယ်ဘိုကင်တင်ထားမှု အထောက်အထားများကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ၎င်းကို ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်မှု၊ လိုင်စင်မဲ့ ဧည့်လမ်းညွှန် လုပ်ကိုင်မှုနှင့် ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု စသည့် အမှု ၃ မှုဖြင့် အရေးယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသည့် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့် တားမြစ်ထားသော လုပ်ငန်းများကို လုပ်ကိုင်ခွင့်မရှိပေ။

အကယ်၍ ယင်းတားမြစ်လုပ်ငန်းများတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည့်အပြင် နေရပ်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (၂) နှစ် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Thairath, CH 7, PPTV HD, Thai PBS