ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မော်လမြိုင်မြို့လယ်ခေါင် ဓားပြတိုက်မှု လူခြောက်ဦးကို ဖမ်းဆီး

September 2, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ် ဓားပြတိုက်မှုတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြို့ခံများက ပြောသည်။

ဩဂုတ်လ ၂၈ ရက် နံနက် ၄ နာရီဝန်းကျင်က ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ထဲသို့ အနက်ရောင် မျက်နှာဖုံး စွပ်ထားပြီး လက်အိတ်များ ဝတ်ဆင်ကာ သေနတ် ကိုင်ဆောင်ထားသည့် လူတစ်စု ဝင်ရောက် ဓားပြတိုက်ခဲ့သည်။

ဓားပြတိုက်ခံရမှုတွင် စာရွက်စာတမ်းများနှင့် ရွှေ၊ ငွေ၊ စိန်ထည်ပစ္စည်း စုစုပေါင်း ကျပ်သိန်း ငါးသောင်းကျော် တန်ဖိုး ပါသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဓားပြတိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အဓိက ပါဝင်ခဲ့သူဆိုသည့် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်က အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် ဒေါ်စန်းအေးကို နေ့ချင်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြို့ခံများက ပြောဆိုသည်။

စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် အမျိုးသား ငါးဦးကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

“ယူသွားတဲ့ ပစ္စည်းတွေလည်း ရထားတယ်။ သူတို့ကို စစ်ဆေးနေဆဲပါပဲ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

ဓားပြတိုက်သူများသည် အရောင်းဆိုင်နေအိမ်ဘေးက ဆောက်လက်စ အဆောက်အအုံမှတစ်ဆင့် သံဗန်းတံခါးကို ချိုးဖျက်ပြီး နေအိမ်ထဲ ဝင်ရောက်ခဲ့သည်။

အိမ်ထဲတွင် ရှိနေသည့် အိမ်ရှင်၏ တူမနှင့် အမျိုးသမီးဝန်ထမ်းနှစ်ဦးကို နောက်ပြန်ကြိုးတုတ်ပြီး မီးခံသေတ္တာကို မယူသွားသလို စာရွက်စာတမ်းနှင့် ငွေကြေးများကိုလည်း ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဓားပြတိုက်သည့်အချိန်တွင် အိမ်ပိုင်ရှင်များ ရန်ကုန်သို့ ရောက်ရှိနေကြောင်း ဆိုသည်။

မွန်ပြည်နယ်တွင် ရွှေ၊ ငွေ၊ ဆိုင်ကယ် လုယက်မှုဖြစ်စဉ်များအပြင် ကားလုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားလာခဲ့ပြီး လုယက်မှု သတ်ဖြတ်မှုဖြစ်စဉ်များလည်း ဆက်တိုက် ဖြစ်ပွားနေသည်။