ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

TikTok တင်သည့် ကျောင်းသားလေးဦး ဖမ်းဆီးခံရ

August 28, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် ကျောင်းသားလူငယ်လေးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားကြောင်း နီးစပ်သည့် ဒေသခံများက ပြောသည်။

အဆိုပါ ကျောင်းသား လေးဦးကို ဩဂုတ်လ ၂၃ ရက်၊ ၂၄ ရက်တို့တွင် နေအိမ်များအတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်းအထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

ဖမ်းဆီးခံရသည့် ကျောင်းသားများသည် သိမ်ဇရပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် Grade – 7 မှ Grade – 11အထိ ကျောင်းသားများ ဖြစ်ကြကြောင်း နီးစပ်သူများက ပြောဆိုသည်။

ကျောင်းသားများသည် ကျေးရွာတစ်ရွာသို့ အလည်အပတ်သွားစဉ် တော်လှန်ရေးတပ်ဖွဲ့၏ ဂိတ်တွင် ဗီဒီယို ရိုက်ပြီး TikTok ပေါ် တင်သည်ဆိုပြီး ဖမ်းဆီးခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုအထိတော့ မလွတ်သေးဘူး” ဟု ၎င်းက ဆိုသည်။

စစ်အုပ်စုက တော်လှန်ရေးအဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ပြီး ဖမ်းဆီးနေသလို နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ရေးသားဖြန့်ဝေသူ၊ တော်လှန်ရေးအဖွဲ့အစည်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက် ဝင်ရေးသူများကိုလည်း ဖမ်းဆီးအရေးယူနေသည်။

ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသည်ဆိုပြီး ဩဂုတ်လအတွင်း၌ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားသည်။