မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားသည့် နေအိမ် ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာပါသွားကြောင်း မြို့ခံများက ပြောသည်။
ယနေ့ နံနက် ၄ နာရီဝန်းကျင်က ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲကို မျက်နှာဖုံးအနက်ရောင် စွပ်ထားပြီး လက်အိတ်များ ဝတ်ဆင်ကာ သေနတ် ကိုင်ဆောင်ထားသည့် လူတစ်စု ဝင်ရောက် ဓားပြတိုက်ကြောင်း မြို့ခံများက ဆိုသည်။
ဓားပြများသည် အရောင်းဆိုင်နေအိမ်ဘေးရှိ ဆောက်လက်စအဆောက်အအုံကတစ်ဆင့် သံဗန်းတံခါးကို ချိုးဖျက်ပြီး နေအိမ်ထဲ ဝင်ရောက်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။
“အိမ်ထဲမှာ ဆိုင်ရှင်ရဲ့ တူမနဲ့ အမျိုးသမီးဝန်ထမ်း နှစ်ဦး၊ သုံးဦး ရှိနေတယ်။ သူတို့ အိမ်ထဲရောက်တော့ အဲဒီအမျိုးသမီး သုံးဦးကို ကြိုးနဲ့ ချည်ပြီးတော့ မွှေနှောက် မီးခံသေတ္တာကို ယူသွားတယ်။ သူတို့က ကားနဲ့ လာတယ်လို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
အိမ်ထဲတွင်ရှိနေသည့် အိမ်ရှင်၏ တူမနှင့် အမျိုးသမီးဝန်ထမ်းနှစ်ဦးကို နောက်ပြန်ကြိုးတုတ်ပြီး မီးခံသေတ္တာကို သယ်ယူသွားကာ စာရွက်စာတမ်းနှင့် ငွေစက္ကူများလည်း ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ဓားပြတိုက်သည့်အချိန်တွင် အိမ်ပိုင်ရှင်များ ရန်ကုန်သို့ ရောက်ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
မွန်ပြည်နယ်တွင် ရွှေ၊ ငွေ၊ ဆိုင်ကယ် လုယက်မှုများအပြင် ကားလုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားလာခဲ့ပြီး လုယက်မှု သတ်ဖြတ်မှု ဖြစ်စဉ်များလည်း ဆက်တိုက် ဖြစ်ပွားနေသည်။
ဩဂုတ်လ ၂၂ ရက်ကလည်း ချောင်းဆုံ (ဘီးလူးကျွန်း) မြို့နယ်တွင် ရွှေ၊ ငွေ လုယက်ပြီး အသက် ၇၆ နှစ်အရွယ် အဘိုး၊ အဘွား ဇနီးမောင်နှံနှစ်ဦးကို သတ်ဖြတ်သွားခဲ့သည်။
ဇူလိုင်လအတွင်းကလည်း မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ် Taxi သမားတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး သတ်ဖြတ်ခံခဲ့ရသေးသည်။







