မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းနေရာများ ဒုတိယအကြိမ် ရေထပ်ဝင်လာခြင်းကြောင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရကြောင်း ဒေသခံများက ပြောသည်။
ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်အပါအဝင် အနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ရေများ ဝင်ရောက် လာခြင်းကြောင့် ပြည်သူများ စက်တင်ဘာလ ၁ ရက်တွင် အရေးပေါ် စတင်ပြောင်းရွှေ့ရကြောင်း ၎င်းတို့က ဆိုသည်။
လက်ရှိတွင် ဘီးလင်းမြို့ပေါ်၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း လေးခု ဖွင့်လှစ်ထားပြီး ရေကြီးနစ်မြုပ်နေသည့် ရပ်ကွက်၊ ကျေးရွာများမှ အိမ်ခြေ တစ်ရာကျော်က လူဦးရေ လေးရာကျော် ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဘီးလင်းမြစ်ရေတက်တာ အခု ဒုတိယအကြိမ်ဖြစ်တယ်။ ပြီးခဲ့တဲ့လကလည်း ရေတက်သေးတယ်။ ၃/၄ ရက်နေတော့ ရေက ပြန်ကျသွားတယ်။ မိုးဆက်ရွာနေရင်တော့ ရေက ထပ်တက်လာဦးမယ်။ အနိမ့်ပိုင်းတွေမှာတော့ ရေတွေ ဝင်ကုန်ပြီလေ။ လူတွေလည်း အမြင့်ပိုင်းဘက် ပြောင်းကုန်ကြပြီ” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။
ရေဘေးသင့်ပြည်သူများကို ဘီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး ကူညီပြောင်းရွှေ့နေကြောင်း ဒေသခံများထံမှ သိရသည်။
ဘီးလင်းမြစ်ရေမှာ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားသည်။
ဘီးလင်းမြစ်ရေသည် ဆက်လက်မြင့်တက်လာနိုင်သောကြောင့် မြစ်ကမ်းတစ်လျှောက်နှင့် မြေနိမ့်ပိုင်းနေသူများ အချိန်မီပြောင်းရွှေ့ရန် မိုးဇလက သတိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းတစ်လျှောက်ကျေးရွာများ ရေကြီးနစ်မြုပ်ကာ လူတစ်ထောင်ကျော် ရေဘေးသင့်ခဲ့သည်။
ဘီးလင်းတွင် ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး သောင်းနှင့်ချီသည့် ဒေသခံများ ရေဘေးသင့်ကြုံတွေ့ရကာ၊ ဧကထောင်နှင့် ချီသည့် စပါးခင်း ပျက်စီးမှုများလည်း နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရသည်။
ပုံစာ – ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ဘီးလင်းဒေသခံများ။
Photo – ဒေသခံတစ်ဦး။







