အပိုင်း (၉)
ကိုဘသောင်းက ထွန်းတောက်ထိန်တို့ တပ်ပြောင်းဖို့ရာကိစ္စသည် လွယ်လွယ်နှင့် မရဘူး၊ တပ်ပြေးသွားတာလည်း ဖြစ်နိုင်လို့၊ လက်ရှိကမ့်ပ်အပေါ် မကျေနပ်ချက်များရှိနေလို့ ထွက်ပြေးချင်နေသလားတို့၊ တပ်ပြောင်းရမည်ဆိုလျှင်လည်း ခိုင်လုံတဲ့အကြောင်းပြချက်ရမည်၊ ဖုန်းနှင့်ပြောဆိုတာနှင့် မလုံလောက်ဘဲ ခေါ်ဝေါ်သူကိုယ်တိုင် လာရောက်ဆွေးနွေးရမည်ဆိုလို့ ကမ့်ပ်သို့ ကိုကြံမောင်ကိုယ်တိုင် ရောက်လာခဲ့သည်။ ကိုကြံမောင်က အကြောင်းစုံ ရှင်းပြပေးလိုက်ပါသည်။
“ကျွန်တော်တို့ ဥဒေါင်းမင်းပြောက်ကျားတပ်ဟာ ရွာပေါင်း ခြောက်ရွာ စုပေါင်းထားတာပါ။ ကျန်တဲ့ငါးရွာက ရွာပြန်နိုင်ကြပြီမို့ သူတို့ရွာမှာပဲ ကမ့်ပ်ဖွင့်ပြီး တော်လှန်ကြတော့မယ်ပေါ့၊ အခု ကိုဘသောင်းတို့ ကိုယ့်ရွာမှာပဲ ကမ့်ပ်ဖွင့်နိုင်ကြသလိုပေါ့၊ ကျွန်တော်တို့ရွာကသာ ဘေးနားမှာ ဝက်ချေးပျူစောထီးရွာကြီး ရှိနေသေးလို့ မိခင့်တပ်ရင်းမှာပဲ ကျန်နေခဲ့ပြီး ရွာမပြန်နိုင်ကြသေးတာ၊ ကျွန်တော်တို့တတွေဟာ ရွာပြန်သွားကြသူတွေနဲ့ လိုက်နေလို့ ရပေမယ့် ကိုယ့်ရွာသားတွေချည်း စုစုစည်းစည်းနဲ့ ကမ့်ပ်ဖွင့်ချင်လို့ တပ်အနှံ့မှာ ရောက်နေတဲ့ ကိုယ့်ရွာသားတွေကို ဖိတ်ခေါ်နေရတာပါကိုဘသောင်း”
“ဟုတ်ကဲ့ပါခင်ဗျ၊ ကိုကြံမောင်နဲ့ မိတ်ဖက်ဖြစ်ရတာ ဝမ်းသာပါတယ်၊ နောက်များလည်း အကူအညီလိုတာ ရှိရင် ပြောပါ၊ အားမနာပါနဲ့၊ စစ်အာဏာရှင်ကို တော်လှန်နေကြသူအချင်းချင်းပဲလေ၊ ကိုကြံမောင်ကို အခုလို ခေါ်ရတာကလည်း မိတ်ဘက်ဖြစ်ချင်လွန်းလို့ပါ၊ ဒီကောင်လေးတွေကို မယုံလို့မဟုတ်ရပါဘူး”
“ဟုတ်ကဲ့ပါကိုဘသောင်းခင်ဗျား၊ ကျွန်တော်တို့ရွာသားလေးတွေကို ခိုလှုံခွင့် ပေးခဲ့လို့ရော၊ အစစ အရာရာ ကူညီပေးခဲ့တာတွေအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ကိုဘသောင်း”
“ဟုတ်ကဲ့ခင်ဗျ၊ ဂျက်ဆန်တို့ ဟိန်းထက်တို့၊ တာတီးတို့၊ ချာလီတို့လည်း နောက်များ အလည်လာခဲ့ကြပါဦးနော်”
“ဟုတ်ကဲ့ပါ ကိုဘသောင်း”
ကိုကြံမောင်က ပြန်သွားပါသည်။ ထွန်းတောက်ထိန်တို့ လေးယောက်ကတော့ နှုတ်ဆက်ပွဲလေး လုပ်ဦးမည်ဆိုလို့ နေရစ်ခဲ့သည်။ နှုတ်ဆက်ပွဲလေးကလည်း ကြီးကြီးကျယ်ကျယ် မဟုတ်ပေ။ ကမ့်ပ်က ရဲဘော်တွေ စုပြီး ရှိစုမဲ့စု ငွေကလေးတွေစုပြီး ကမ့်ပ်မှာ မွေးထားသည့် ကြက်နှစ်ကောင်ကို ကြော်ကြရုံသာ။
ထွန်းတောက်ထိန်သည် လက်ရှိကမ့်ပ်မှာ နေသားကျနေပြီဆိုပေမယ့် တပ်ပြောင်းရမည်ကို သိပ်တက်ကြွနေခဲ့သည်။ ကိုယ့်ရွာသားချင်းပဲ စုပြီး နေရမည်၊ ဒုခေါင်းဆောင်နေရာကိုလည်း ယူရမည်ဆိုတော့ နေရထိုင်ရတာသိပ်ကို လွတ်လပ်လိမ့်မည်။ ကိုယ့်အထက်မှာ အကြီးဆိုလို့ ကိုကြံမောင်ပဲ ရှိပြီး အောက်မှာတော့ ကိုယ့်ထက်အငယ်လေးတွေချည်း။ သည်တော့ ဘယ်သူကိုမှ အောက်ကျို့နေစရာ မလိုအပ်တော့။
ကျားသစ်နက်ကနေ ပြောင်းရတော့ ချိုသာနှင်းနှင့် ခွဲခွာရတော့မည်ဆိုတာလေးအတွက် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။ ချိုသာနှင်းက စနစ်ဟောင်းဆယ်တန်းကို အောင်မြင်သွားပြီး လက်ရှိမှာ အောင်ဆန်းတက္ကသိုလ်တက်ဖို့ စီစဥ်နေသည်။ NUG အစိုးရ၏ ကြားကာလတက္ကသိုလ်လည်း ဖွင့်နေပြီဖြစ်သည်။ ချိုသာနှင်း ကိုဂျက်နှင့် တက္ကသိုလ်အတူတက်ချင်တယ်ဟု ပူဆာထားသည်။
ထွန်းတောက်ထိန်ကတော့ ရွာပင် မပြန်နိုင်သေးသည့်အချိန် တက္ကသိုလ်တက်ဖို့ကို စိတ်ပင်မကူးရဲ။ သည့်အပြင် ထိုတက္ကသိုလ်သည် တစ်ကြိမ် ဗုံးကြဲခံထားရပြီးပြီ။ စသ်အာဏာရှင်က လေယာဥ်နှင့် ဗုံးကြဲလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကြားကာလတွင် ပညာသင်နေသော ဆရာမလေးတစ်ဦးသည် တက္ကသိုလ်လာတက်ရင်း ဗုံးမှန်ပြီး ကျဆုံးခဲ့ရသည်။ ထို့ကြောင့်လည်း ထွန်းတောက်ထိန်သည် တက္ကသိုလ်တက်ဖို့ကို စိတ်ကူးမရှိ။
သည်အချိန် ထွန်းတောက်ထိန် တပ်ပြောင်းသွားသည်ကို ချိသာနှင်း သိလျှင် အလွန်ဝမ်းနည်းမှာ သေချာမည်မို့ တက္ကသိုလ်တက်ဖို့ကို အာရုံစိုက်နိုင်တော့မည်မဟုတ်ပေ။ သည့်ကြောင့် ချိုသာနှင်းကို ဘာမျှ မပြောဘဲ နေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ပြီးလျှင် ထွန်းတောက်ထိန်က ချိုသာနှင်းကို အတည်အတွက် မရည်ရွယ်ခဲ့ပေ။
အတည်အတွက် မရည်ရွယ်ခဲ့သည့်အတူတူ သံယောဇဥ်တွေ မလွန်ခင်၌ ချိုသာနှင်းနှင့် ဝေးကွာသည့်နေရာသို့ ပြောင်းရွှေ့လိုက်တာပဲ ကောင်းသည်ဟု တွေးသည်။ ပြောင်းရွှေ့ရမည့်နေရာသည် စန္ဒာဝင်းဝင်းနှင့် နီးသဖြင့် အဝင်းနှင့်ပဲ ရှေ့ခရီးကို ဆက်တော့မည်ဟု တွေးသည်။ အဝင်းသည်သာ အတည်အတွက် ရည်ရွယ်ခဲ့ရသူမဟုတ်လား။
ထွန်းတောက်ထိန်တို့ တပ်မပြောင်းခင်၌ အဝင်းထံမှလည်း သတင်းစကားများကို ထပ်မံ ကြားလာခဲ့ရပြန်သည်။ ထိုသတင်းသည် ကိုကြံမောင်ပြောသော ဒုခေါင်းဆောင်တာဝန်ကို ယူရမည်ဆိုသည့် သတင်းထက် ပို၍ ချိုမြိန်သော သတင်းဖြစ်သည်။
ရဲဘော်တွေက နှုတ်ဆက်ပွဲအနေနဲ့ ဘီယာသောက်၊ ကြက်ကြော်မြည်းရင်း ပျော်ပျော်ကြီး Tik Tok နေကြခိုက် အဝင်းထံက မက်ဆေ့သတင်း ပေးပို့လာခြင်းဖြစ်သည်။ ပြီးလျှင် ဒီကောင်တွေက ဘီယာတွေ၊ ကြက်ကြော်တွေ ပုံရိုက်ပြီး Tik Tok မှာ တင်ကြဦးမည်။
“ကိုရေ ကို့အတွက် သတင်းကောင်းရှိတယ်”
ထိုမက်ဆေ့ကို မြင်မြင်ချင်း ဘာသတင်းပါလိမ့်ဟု ထွန်းတောက်ထိန် စဥ်းစားမိသည်။ ကိုကြံမောင် ပြောသည့် ကိစ္စများလား။ ထွန်းတောက်ထိန်ကို ဒုခေါင်းဆောင်ရာထူးပေးမည့် ကိစ္စထင်သည်။ သည့်ကြောင့် ထွန်းတောက်ထိန်သည် စိတ်မဝင်စားတော့။ စာမပြန်ဘဲ နေကာ ဘီယာကိုမော့ပြီး ကြက်ကင်ကို စား၏။ ဘီယာကို မသောက်တတ်ပေမယ့် နှုတ်ဆက်ပွဲမို့ အနည်းငယ်သောက်ဖြစ်သည်။ အဝင်းက စာတွေ ဆက်ပို့လာသည်။
“ကို မသိချင်ဘူးလားဟင်၊ ညပဲ ရောက်နေပြီ မအားသေးဘူးလား၊ စာလည်းမပြန်ဘူး”
ထွန်းတောက်ထိန် စာမပြန်ဖြစ်သေး။
“လုပ်လက်စတွေ မပြီးသေးလို့၊ အဆင်သင့်မဖြစ်သေးလို့ဆိုပြီး ကို့ကို အသိမပေးသေးဘဲနေကြတာ၊ အဝင်းကတော့ မနေနိုင်တော့ဘူး၊ ပြောပြချင်မိပြီ၊ ကို့ထက် အဝင်းက ပိုပျော်နေမိလို့လေ”
ဘာတွေပါလိမ့်ဟု ထွန်းတောက်ထိန် ဖုန်းကိုကြည့်နေမိသည်။
“ဘာတွေလဲအဝင်းရယ်၊ အဝင်းမပြောလည်း ကို သိပြီးပါပြီ၊ ကိုကြံမောင်က ကိုတို့ကို ပြန်ခေါ်တဲ့ကိစ္စမဟုတ်လား၊ ဒါ့ကြောင့်မို့ ကိုယ်တို့အခုည နှုတ်ဆက်ပွဲလေး လုပ်နေတယ်လေအဝင်း၊ စာသိပ်မပြန်အားဘူး”
“ဟင် တကယ်ကြီးလား၊ ဒါဆို ပိုအဆင်ပြေတာပေါ့၊ ကို့အတွက် ပိုပြီး သေချာသွားတာပေါ့၊ အဝင်းဖြင့် သေချာပါ့မလားဆိုပြီး စိတ်တထင့်ထင့် ဖြစ်နေတာ”
“ဟာ အဝင်း စာမပြန်အားပါဘူးဆို၊ သိချင်အောင်လုပ်နေပြန်ပြီ၊ ဘာလဲ ပြော၊ ဒီကောင်တွေက အခုလို သောက်ကြစားကြချိန်ဆို ဖုန်းကိုင်ရင် ရိုင်းတယ်လို့ ပြောကြတယ်၊ အခု သူတို့လည်း Tik Tok ဆော့နေတုန်းမို့ စာပြန်လိုက်တာ”
“စာမပြန်အားရင် မပြန်ပါနဲ့၊ အဝင်းပဲ ပြောထားပါ့မယ်၊ ကိုအားမှ ကြည့်ပေါ့၊ ထားပါလေ ကိုမအားသေးရင် နောက်မှ ဖြည်းဖြည်းပြောတာပေါ့၊ မနက်ဖြန် ကမ့်ပ်ကနေ ကိုကြံမောင်တို့ဆီ ပြောင်းမှာပေါ့နော်၊ ကိုတို့ ပြန်ရောက်မှ ပြောမယ်လေ၊ အဝင်းတို့ကိစ္စကလည်း မပြီးသေးဘူး၊ လက်စသတ်တုန်းမို့”
“ဟုတ်ပါပြီအဝင်းရဲ့”
နောက်နေ့၌ ထွန်းတောက်ထိန်တို့ လေးယောက်သားသည် ဆိုင်ကယ်လေးနှစ်စီး၊ ကျောပိုးအိတ်ကလေးကိုယ်စီနှင့် ကျားသစ်နက်ကနေ ထွက်လာခဲ့ကြသည်။ ပီဒီအက်ဖ်ယူနီဖောင်းကိုယ်စီ ဝတ်လာခဲ့ကြသဖြင့် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိနေသည်။
လမ်းသွားလမ်းလာများက သူတို့သည် ပီဒီအက်ဖ်များ ဆိုပြီး အထင်ကြီးသည့် မျက်ဝန်းများနှင့် ကြည့်သွားကြသည်။ ကိုဘသောင်းက မုန့်ဖိုးနည်းနည်း ပေးသွားသည်။ သေနတ်တော့ လုံးဝ မပေးနိုင်ပေ။ ကျားသစ်နက်မှာလည်း သေနတ်အလုံအလောက်မရှိ။ တစ်ယောက်တစ်လက်ပင်မရှိ။ တိုက်ပွဲရှိမှသာ လူစားလဲပြီး တစ်လက်တည်းကို တစ်ယောက်တစ်လှည့် ကိုင်ရသည်။
ဥဒေါင်းမင်း ပျောက်ကြားတပ်သို့ ထွန်းတောက်ထိန်တို့ ရောက်လာခဲ့ပြီ။ ထိုတပ်သည် ရေအိုင်ရွာ၏ ရွာပြင်တွင် ရှိသည်။ ရေအိုင်ရွာသည်လည်း ဥဒေါင်းမင်းတပ်ဖွဲ့တွင် ပါဝင်သည်။ သာယာကုန်းရွာနှင့် သိပ်မဝေးလှပေ။ သည်တော့ ထွန်းတောက်ထိန်သည် အောင်မြင်မှုလမ်းစပေါ်သို့ ရောက်နေပြီဟု ခံစားရသည်။ တဖြည်းဖြည်းနှင့် ရွာနှင့်နီးလာလေ အောင်မြင်လေ မဟုတ်လား။
ဥဒေါင်းမင်းကမ့်ပ်သို့ ရောက်သည့်အခါ ကိုကြံမောင်နှင့်အတူ ကိုယ့်ရွာက ကောင်လေးများကို ဆယ်ယောက်ကျော်ကျော် တွေ့ရသည်။ တခြား မသိရသေးသည့် ကောင်လေးအချို့ကိုလည်း တွေ့ရသည်။
သူတို့လေးတွေက ထွန်းတောက်ထိန်တို့ ကျားသစ်နက်မှာ နေခဲ့ရသလို သူများရွာ၏ တပ်မှာ နေရသည့်ကောင်လေးတွေ ဖြစ်ရမည်။ တကယ်လည်း ဟုတ်နေခဲ့ပါသည်။ သည်လို ကိုယ့်ရွာသားတွေချည်း စုစုစည်းစည်း တွေ့ရသည့်အခါ ထွန်းတောက်ထိန်သည် အလွန်လွတ်လပ်ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ရပ်ဝေးတစ်နေရာသို့ ရောက်နေသည့်အခါ ကိုယ့်ဇာတိဆီက တစ်ယောက်ယောက်နှင့် တွေ့ရခြင်းက အပျော်ရွှင်ရဆုံးဟု ဆိုကြသည်မဟုတ်လား။
ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်မိသည့်အခါ ထွန်းတောက်ထိန်သည် နှာခေါင်းရှုံ့လိုက်မိသည်။ သည်ကမ့်ပ်သည် လေးငါးခြောက်ရွာ ပူးပေါင်းပြီး အယောက် ၁၀၀ ကျော်နေခဲ့ရသည့် အငွေ့အသက်များကို မြင်နေရသည်။ ထိုအရာကား ကမ့်ပ်တဲ၏ မလှမ်းမကမ်းတွင် အမှိုက်များ၊ ပလပ်စတစ်အိတ်များ မြင်မကောင်းလောက်အောင် ရှုပ်ပွနေခြင်းဖြစ်သည်။
နေခဲ့သည့်ခေါင်းဆောင်တွေက ဘာလို့ သည်လောက် ညစ်ပတ်နေအောင် စည်းကမ်းမဲ့ခဲ့ကြပါလိမ့်။ သည်လိုအချိန်မှာ သည်ကမ့်ပ်၏ မိတ်ဖက်များ အလည်လာမည်ဆိုလျှင် ထွန်းတောက်ထိန်သည် အလွန်ရှက်မိမည်ဟု ခံစားလိုက်ရသည်။ သည့်ကြောင့် ကိုကြံမောင်ကို ပြောလိုက်မိသည်။
“အမှိုက်တွေက ဘာလို့ သည်လောက်ကြီး ရှုပ်ပွနေရတာလဲ ကိုကြံမောင်ရယ်”
သည်တော့ ကိုကြံမောင်က နှစ်ခြိုက်စွာ ပြုံးသည်။
“မင်းက အဲဒီလို မြင်တယ်ပေါ့၊ ကောင်းတယ်ကွာ၊ အခုကစပြီး ဒီကမ့်ပ်က ကိစ္စမှန်သမျှ မင်းကိစ္စ ဖြစ်သွားပြီ၊ မင်းပဲ အုပ်ချုပ်ပေတော့၊ မင်းက စာတတ်တယ်၊ အမြင်ရှိတယ်၊ ငါ့မှာတော့ မင်းလို အရည်အချင်းမရှိဘူး၊ ဒီတော့ မင်းကောင်းမယ်ထင်သလို စီမံပေတော့”
“ဟမ် ကိုကြံမောင်က ဘာလုပ်နေမှာမို့လဲ၊ အတူတူမလုပ်ဘူးလား”
“အတူတူတော့ အတူတူပေါ့ကွာ၊ ဒီက ကိစ္စ မင်းနဲ့တိုင်ပင်ပြီး မင်းနဲ့ပဲ ဆက်လုပ်တာပေါ့”
ပြီးနောက် ကိုကြံမောင်နှင့် ရှေ့ရေးကိစ္စများကို တိုင်ပင်ဆွေးနွေးကြသည်။ ယခင်က သည် ဥဒေါင်းမင်းတွင် လက်နက်များစွာ ရှိသော်လည်း ရွာပြန်နိုင်ကြသော တပ်ဖွဲ့များအတွက် လက်နက်များကို ခွဲဝေပေးလိုက်သဖြင့် သုံးလက်သာ ကျန်တော့သည်ဟု ကိုကြံမောင်က ပြောသည်။
သည့်ကြောင့် လက်နက် ဆက်လက်ဝယ်ဖို့ကိစ္စအတွက် လိုင်းပေါ်တွင် အလှူခံရမည်။ ခွဲသွားသော ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီချက်အရ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော ကိုယ့်ရွာသူရွာသားများထံက အလှူငွေရလျှင် ကိုယ့်ရွာကအဖွဲ့မှာပဲ သုံးစွဲရမည်။ ကိုယ့်ရွာကမဟုတ်သော အလှူရှင်ထံမှ အလှူငွေရလျှင် တခြားတပ်များထံ ခွဲဝေပေးရမည်ဟု ဆိုသည်။
သည့်ကြောင့် ပြည်ပရောက် ကိုယ့်ရွာသူရွာသားများထံ လိုအပ်ချက်များကို မက်ဆင်ဂျာကနေ ပြောဆိုပြီး အလှူခံရမည်။ ရသည့်အလှူငွေနှင့် ကမ့်အတွက် လိုအပ်ချက်များစွာကို ဖြည့်တင်းရမည်။ ကိုယ့်ရွာက ပြည်ပရောက်များထံက အလှူငွေများကို တခြားတပ်ခွဲသားများတွေ အတတ်နိုင်ဆုံး မသိစေရန် စီစဥ်ရမည်။ သိပါက မခွဲဝေပေးရကောင်းလားဆိုပြီး အငြင်းပွားမှုတွေ ဖြစ်နိုင်သည်တဲ့။
ထွန်းတောက်ထိန်သည် ကိုကြံမောင်နှင့် ဆွေးနွေးပြောဆိုပြီးနောက် ရှေ့လျှောက် လုပ်စရာတွေ အများကြီး ရှိပါလားဆိုပြီး ရင်မောသွားသည်။ အလုပ်တွေ ဘယ်လောက်များများ တစ်ခုချင်းစီ အေးအေးဆေးဆေးလုပ်လျှင် ပြီးသွားမည်ဟု တွေးသည်။ လောလောဆယ် ကမ့်ပ်ကအမှိုက်များကို အလျင် ရှင်းချင်သည်။ သည်အမှိုက်တွေကို မြင်ရုံနှင့်တင် အော့နှလုံးနာလှသည်။
သည်အချိန်မှာသာ ဧည့်သည်တစ်ယောက်ယောက် ရောက်လာလျှင် မင်းတို့ကမ့်ပ်ကလည်း ရွံစရာကြီးကွာဟု ပြောလာမှာကို သေမတတ်ရှက်နေမိသည်။ သည့်ကြောင့်ပဲ နေမဝင်ခင် အမှိုက်များကို စုပြီး မီးရှို့ပစ်ဖို့ တစ်ရွာတည်းသားတွေကို ပြောလိုက်သည်။ ရောက်ရောက်ချင်း အမိန့်တွေ ပြနေသလို မဖြစ်စေရန်
“ဟေ့ယောင်တွေ အမှိုက်တွေကလည်း ရှုပ်နေတာပဲကွာ၊ မင်းတို့ ဘယ်လိုများ နေခဲ့ကြတာလဲ၊ အများအမြင်မှာ ရှက်စရာကြီး၊ လာပါ အတူရှင်းကြရအောင်”
ဟု သူငယ်ချင်းအရင်းခေါက်ခေါက်လေသံနှင့် ပြောလိုက်သည်။ သည့်ကြောင့် တချို့ကောင်များက ဇယ်တောက်နေရာမှ ထလာကြသည်။ ကိုကြံမောင်က ကော်ဖီသောက်ရင်း နောင်ရေးများကို စဥ်းစားနေသည်။ အားလုံး တက်ညီလက်ညီနှင့် အမှိုက်များကိုစုပြီး မီးရှို့ပြီးသွားသောအခါ ကမ့်ပ်ကလေးသည် သန့်ပြန့်သွားတော့သည်။
နောင်နေ့များ၌ ကမ့်ပ်တွင် နေခဲ့သော ခေါင်းဆောင်များ အလည်ရောက်လာသောအခါ အမှိုက်များ ကင်းစင်နေသည်ကို မြင်သွားကြပြီး သူတို့မျက်နှာတွင် ငါတို့တုန်းက သည်လို သန့်သန့်ရှင်းရှင်းဖြစ်အောင် မနေခဲ့ဘူးပဲ ဆိုပြီး ရှက်သော အရိပ်များကို မြင်လိုက်ရသည်။
သည် ဥဒေါင်းမင်းတပ်တွင် ယခင်က မိုင်းလက်နက်များလည်း ထုတ်လုပ်ခဲ့သော်လည်း မီးစက် ပျက်ခြင်းကို ခဏခဏ ကြုံရသဖြင့် မထုတ်လုပ်တော့ဘူးဟု ကိုကြံမောင်က ဆိုသည်။ သည့်ကြောင့် သည်ကမ့်ပ်တွင် လုပ်စရာ မရှိတော့ပေ။ တိုက်ပွဲရှိမှသာ ရှေ့တန်းလိုက်ရမည့် အလုပ်သာ ရှိတော့သည်။ အင်တာနက်လည်း ကောင်းကောင်း မမိတော့။ ဖုန်းလိုင်းလည်း သိပ်မကောင်းပေ။
သည့်ကြောင့် ကျားသစ်နက်ကကောင်တွေ ဖုန်းပွတ်နေချိန်၌ ဥဒေါင်းမင်းကကောင်တွေမှာတော့ ဇယ်သာ တောက်နေရတော့သည်။ သည်တော့ ထွန်းတောက်ထိန်သည် လက်နက် ကျည် ဝယ်ဖို့အပြင် စတားလင့်အင်တာနက်ဝယ်ဖို့လည်း ငွေရှာရမည်ဟု တွေးသည်။ မီးဖိုချောင်တွင် ညှက်စိ ထမင်းချက်နေသည်ကို မြင်တော့ အလုပ်မရှိမယ့်အတူတူ စားဖိုမှူးတစ်ယောက် မခန့်တော့ဘဲ သည်ကောင်တွေ တစ်လှည့်စီချက်ပါစေဟု တွေးသည်။ သည့်ကြောင့်လည်း ကိုကြံမောင့်ကို မေးလိုက်သည်။
“ထမင်းက တစ်လှည့်စီ ချက်တာလား၊ စားဖိုမှူးသက်သက် မရှိဘူးလား”
“အင်း၊ အခု တစ်လှည့်စီချက်ခိုင်းထားတယ်၊ အရင်က စားဖိုမှူးရှိတယ်၊ ရွာပြန်သွားသူတွေနဲ့ ပါသွားပြီလေ”
“ဪ”
“စားဖိုမှူးတစ်ယောက်ကိုလည်း ခေါ်ထားတယ်၊ သူ့အစ်ကိုက မလွှတ်ချင်နေလို့တဲ့”
“ဟုတ်လား၊ ဘယ်သူတွေလဲ”
“ဖေသွင်လေ၊ သူက ကိုကျော်အောင်နဲ့ နေတာ၊ အနောက်မြို့နယ်ထဲက အဖွဲ့ထဲမှာ၊ အဲ့မှာလည်း စားဖိုမှူးလုပ်နေတာတဲ့”
ကိုကြံမောင့်စကားကြောင့် ထွန်းတောက်ထိန် ပါးစပ်ဟနေမိသည်။ ကိုဖေသွင်နဲ့ ကိုကျော်အောင်ဆိုပါလား။ ကိုကြံမောင်၏ ပြောစကားထဲမှာ ထွန်းတောက်ထိန့်မျက်နှာအပေါ် အကဲခတ်သည့် အကြည့်လည်း ပါသည်ကို ထွန်းတောက်ထိန် သတိထားမိသည်။
ထိုအကဲခတ်အကြည့်ထဲတွင် ကိုကျော်အောင်တို့နှင့် ထွန်းတောက်ထိန်သည်လည်း ညီအစ်ကို တော်စပ်သည်ကို ကိုကြံမောင်လည်း သိထားပါသည်ဆိုသော အဓိပ္ပါယ် ပါနေသည်။ ကိုကျော်အောင်တို့၊ ကိုဖေသွင်တို့၊ ထွနိးတောက်ထိန်တို့ တော်စပ်ပုံအကြောင်းကို ကိုကြံမောင် မသိမဟုတ် သိသည်။ ကိုကြံမောင်မှမဟုတ် သာယာကုန်းရွာမှာ အရွယ်ရောက်ပြီးသူတိုင်း သိသည်။ ရွာတွင် အရွယ်ရောက်ပြီးသူတိုင်းသည် ရွာက ရွာတွေအကြောင်း အလိုလို သိလာတတ်ကြသည်။
ရွာအရပ်သည် မြို့အရပ်ကဲ့သို့မဟုတ်။ သည်အိမ်က မိသားစုသည် ဘယ်သူနှင့် မောင်နှမအရင်းတော်စပ်ပြီး ဘယ်သူဘယ်ဝါ၏ သမီး၊ သားဖြစ်ကြောင်း အလိုလိုသိချင်လာတတ်သော သဘာဝရှိသည်။ စပ်စုခြင်း မဟုတ်ပေ။ ရွာငယ်ဇနပုတ်၏ သဘာဝသာ ဖြစ်သည်။ သည့်အတွက် မိဘများနှင့် လူကြီးသူမများကို မေးမြန်းတတ်ကြသည်။ မိဘများနှင့် လူကြီးသူမများက ပြောပြတတ်သည်။
တိုးတိုးတိတ်တိတ် ပြောရသော ကိစ္စများဆိုလျှင် တိုးတိုးတိတ်တိတ်လေးသာ ပြောပြပြီး မသိသလိုနေဖို့ သတိပေးတတ်သည်။ အရွယ်ရောက်ပြီးသူတိုင်းကလည်း အကြောင်းစုံသိသွားလျှင် မသိသလို နေတတ်သည့် သဘာဝအသိ ရှိကြသည်။ သည့်ကြောင့် ကိုကြံမောင်လည်း သိသည့်အဓိပ္ပါယ်နှင့် ပြောလာကာ ပြောမိတာ မှားများသွားသလားဆိုသည့် အဓိပ္ပါယ်လည်း ထပ်ဆင့်ပါဝင်လာသည်။ သို့သော်လည်း ကိုကြံမောင်က မပြောမဖြစ် ပြောရသော ကိစ္စဖြစ်သဖြင့် မှားသွားလည်း မတတ်နိုင် ဆိုသော မျက်နှာပေးကို အသက်သွင်းလိုက်သည်။
ကိုဖေသွင်ဆိုတာကရော ဘယ်သူဖြစ်ရမည်လဲ။ ထွန်းတောက်ထိန် ကြည့်မရသည့် မဖြူပြာ၏ မောင်အရင်း။ ကိုကျော်အောင်၏ တစ်ဝမ်းကွဲညီ။ တကယ့်တကယ်တော့ ကိုကျော်အောင်ရယ်၊ မဖြူပြာရယ်၊ ကိုဖေသွင်ရယ်ဆိုတာက ထွန်းတောက်ထိန်၏ တော်စပ်ခွင့်မရသော တစ်ဝမ်းကွဲအစ်ကိုတွေနှင့် အစ်မ။
အဲ့သည်မောင်နှမတွေထဲမှာ ထွန်းတောက်ထိန် မျက်စိစပါးမွေးအစူးဆုံးက ကိုဖေသွင်ဆိုသူပဲ။
အဘယ်ကြောင့်ဆိုသော် ကိုဖေသွင်သည် သူ့အဘ(အဖိုး) ဦးဖေသိန်းဝင်စားသူဟု ထွန်းတောက်ထိန် ကြားဖူးသောကြောင့်ပင်။ ဦးဖေသိန်းဆိုတာ ထွန်းတောက်ထိန်၏ အမေကြီး(အဖွား)ကို စော်ကားဖျက်ဆီးပြီး ထွန်းတောက်ထိန်၏ အမေ ဒေါ်မြချစ်ကို မွေးဖွားလာစေခဲ့သူ။
သည့်ကြောင့် ထွန်းတောက်ထိန်သည် ကိုဖေသွင်ကိုလည်း ဦးဖေသိန်းကို မုန်းသလောက် မုန်းသည်။ ကိုဖေသွင်ကို မြင်တိုင်း ဦးဖေသိန်း၏ လုပ်ရပ်များကို မြင်ပြီး မုန်းသည်။ ထိုသို့ဖြစ်ပြီး မိခင် ဒေါ်မြချစ်ကိုလည်း သနားသည်။
ထွန်းတောက်ထိန်တို့ ဗုဒ္ဓဘာသာတွင် ယူဆပြောဆို(အရိုးစွဲ)နေသော စကားရှိသည်။ အတိတ်ဘဝက သူများဇနီး၊ သမီးပျိုများကို ဖျက်ဆီးသူများသည် နောင်ဘဝတွင် အခြောက် (လိင်တူချစ်သောယောကျ်ား) ဖြစ်တတ်သည်ဟု ပြောကြသည်။(ထိုအရိုးစွဲနေသော အယူအဆကို စာရေးသူ လုံးဝလက်မခံပေ။ ။စကားချပ်) ကိုဖေသွင်သည် လိင်တူချစ်သော ယောကျ်ားတစ်ယောက်ဖြစ်သည်။
မိန်းမလျာကဲ့သို့သာ ဝတ်စားမနေထိုင်တာ လူပုံက နွဲ့နွဲ့နောင်းနောင်းရှိသည်။ အရပ်ရှည်လျားပြီး ကြွက်သားများ တုတ်ခိုင်နေသည်။ နှုတ်ခမ်းမွေးများက ထူလပျစ်ပေါက်သည်။ တည်တည်ငြိမ်ငြိမ်နေလျှင် ယောကျ်ားဆန်ဆန် ချောမောခန့်ညားပြီး မိန်းကလေးတိုင်း ကြိုက်လောက်သည့် ရုပ်ရည်ရှိသည်။ ထိုသို့ ယောကျ်ားခန္ဓာကိုယ်၊ ယောကျ်ားအရပ်အမောင်း၊ နှုတ်ခမ်းမွေးထူလပျစ်နှင့် လူတစ်ယောက်က နွဲ့နွဲ့နောင်းနောင်းဖြစ်နေတာ ဘယ်လိုမျှ ကြည့်မကောင်း၊ မတင့်တယ်။ သည့်ကြောင့် ထွန်းတောက်ထိန်သည် ကိုဖေသွင်ကိုမြင်တိုင်း ရွံရှာဖွယ် ကြည့်မိတတ်သည်။
သင်္ကြန်လို ပွဲလမ်းသဘင်မျိုးများ ရှိလျှင် ကိုဖေသွင်သည် မိန်းမကဲ့သို့ ဝတ်ဆင်ပြီး ကတတ်သည်။ အဲ့သည်လို ကလျှင် ကလေးများက ချစ်ကြသည်။ တချို့လူကြီးများက အားပေးကြသည်။
ထွန်းတောက်ထိန်ကတော့ ရွံရှာဖွယ်သာ မြင်နေသည်။ ကိုဖေသွင် သည်လိုက,တော့ တချို့လူကြီးများက ဦးဖေသိန်းကို သတိရသည်ဟု ဆိုကြဖူးသည်ကို ထွန်းတောက်ထိန် တစွန်းတစ ကြားဖူးသည်။ သည်တော့ ထွန်းတောက်ထိန်သည် လူကြီးသူမများကို မေးကြည့်မိသည်။ လူကြီးသူမများစွာက ပြောကြသည်မှာ
“ဖေသွင်ဟာ ဖေသိန်းဝင်စားတယ်ဆိုတာ အဆိုအသေချာပဲ၊ တခြားသူတွေ မဖြစ်နိုင်ဘူး”
“ချောင်းကူးရွာက မသိန်းတင်ရဲ့သား (ကိုကျော်အောင်၏ ညီအရင်း၊ ကိုကျော်အောင်၏ ညီသည် ကိုဖေသွင်ထက် ကြီးသည်)လည်း ဖေသိန်းဝင်စားတယ်လို့ ပြောတယ်၊ မန္တလေးက ကိုဖေထွန်းရဲ့သား (ကိုဖေထွန်းသည် ကိုဖေသွင်၏အဖေ ကိုဖေမြင့်နှင့် အဖေရော အမေရော တူသည်။ ကိုဖေထွန်း၏ သားသည် ကိုဖေသွင်ထက် ငယ်သည်။) လည်း ဝင်စားတယ်လို့ပြောတယ်၊ သေလူတစ်ယောက်က လူသုံးယောက်ဝင်စားလို့မှ မရတာ၊ အခု ဖေသွင်ရဲ့ပုံစံကိုကြည့်ပြီး ဖေသွင်သာ ဖေသိန်းဝင်စားတယ်ဆိုတာ သေချာသွားပြီလေ”
ဟု ပြောကြဆိုကြ၊ မှတ်ချက်ပေးကြသည်ကို ထွန်းတောက်ထိန် ကြားဖူးပါသည်။ လူကြီးသူမများ ယူဆသလို ထွန်းတောက်ထိန်လည်း ယူဆပစ်လိုက်သည်။ သည့်ကြောင့် ကိုဖေသွင့်ကို မြင်တိုင်း စိတ်ထဲကနေ “သူများသားမယားကို ဖျက်ဆီးချင်တာကိုး မှတ်ပေါ့၊ နောင်ဘဝမှာတော့ ဘာတတ်နိုင်သေးလဲ၊ မိန်းမတွေကို ဖျက်ဆီးခဲ့လို့ နောင်ဘဝမှာ ယောကျ်ားကြီးဖြစ်ပြီး မိန်းမတွေကို စော်ကားဖို့နေနေသာသာ စိတ်နဲ့တောင် ပြစ်မှားလို့မရတော့တဲ့ အခြောက်ကြီးဖြစ်သွားပြီ၊ ယောကျ်ားဖြစ်ပြီး ယောကျ်ားတွေကိုပဲ ချစ်တတ်သွားပြီး ယောကျ်ားတွေပြုသမျှ ကုန်းခံနေရတဲ့ ဝဋ်ကြီးကို ပေးဆပ်နေရပြီမဟုတ်လား” ဟု တတွေးတွေးလုပ်ကာ ကျေနပ်နေမိတတ်သည်။
ကိုဖေသွင်က ထွန်းတောက်ထိန် ထက်ကြီးသည်။ အသက် ၃၅ နှစ် ဝန်းကျင်ခန့်ရှိပြီ။ သည်ကမ့်ပ်သို့ ကိုဖေသွင်လာလျှင် ဒုတိယအကြီးဆုံး ဖြစ်သွားမည်ပေါ့။ ပြီးတော့ ကိုဖေသွင်က ဘွဲ့ရတစ်ယောက်။ ဝန်ထမ်းတစ်ယောက်။ ယခု CDM ဝန်ထမ်း။ ထွန်းတောက်ထိန်ထက် အစစ အရာရာမှာ သာလွန်နေသည်။ ထွန်းတောက်ထိန်က ဘွဲ့ရဖို့ တစ်နှစ်တက်ရဦးမည်။
အစိုးရဝန်ထမ်းလည်း မဖြစ်သေး။ သည်တော့ ကိုဖေသွင်လာလျှင် သည်ကမ့်ပ်ကိုများ ဦးဆောင်လေမည်လား။ ထွန်းတောက်ထိန်သည် ကိုဖေသွင့်ကို အလျင်ကတည်းက ရွံရှာမုန်းတီးနေသူပီပီ ကိုဖေသွင်၏ အောက်မှာ နေချင်ဖို့ကိုဝေးစွ တစ်ကမ့်ပ်တည်း၊ တစ်ဖွဲ့တည်းသားအဖြစ်ပင် နေချင်စိတ်မရှိ။ တစ်ရွာတည်းသား ဖြစ်ရတာကိုလည်း စိတ်ပျက်မိသည်။ ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်နေတာကိုလည်း အကြီးအကျယ် စိတ်နာသည်။ ကိုယ့်ကိုယ်ကိုယ် ဝဋ်ကြီးလှသည်ဟုပင် ခံစားရသည်။
ကိုဖေသွင်ကို အမြင်ကတ်တာထဲမှာ ကိုဖေသွင် စာရေးတတ်တာလည်း ပါသည်။ မနာလိုဝန်တိုစိတ်ကြောင့်မဟုတ်။ ကိုဖေသွင် တော်ရုံစာပေ ရေးသားလျှင် ကိုယ့်ရွာမှာ စာရေးဆရာတစ်ယောက် ပေါ်ထွန်းတယ်ဆိုပြီး ဂုဏ်ပြုမိဦးမည်။ အခုက ကိုဖေသွင်က လိင်တူစာပေများချည်း ရေးသားနေခြင်းဖြစ်နေဖြစ်သည်။ ထွက်ထားသည့် စာအုပ်ကလည်း လိင်တူစာအုပ်။ လိုင်းပေါ်မှာဆိုလည်း ယောကျ်ားနှစ်ယောက် နမ်းနေကြသည့်ပုံတွေချည်း။
ဘာတဲ့ လိင်တူချစ်ခြင်းကို လက်ခံကြသည့်နိုင်ငံအတော်များများဟာ အလွန်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများချည်းဖြစ်နေတာ သတိထားမိပါတယ်၊ အဲ့သည်နိုင်ငံတွေဟာ ပညာတတ်တယ်၊ အသိဉာဏ်ထက်တယ်၊ ဒါ့ကြောင့် လိင်တူချစ်ခြင်းကို သဘာဝလို့မှန်း နားလည်ကြတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံကတော့ အလွန်ဆင်းရဲတယ်၊ ပညာရေးကလည်း အလွန်နိမ့်ကျတယ်၊ အဲဒီတော့ အသိဉာဏ်တွေလည်း ဘယ်ထက်တော့မတုန်း၊ အသိဉာဏ်မထက်မှတော့ နိုင်ငံကို တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်သလို လိင်တူချစ်ခြင်းကိုလည်း လွဲမှားနေတယ် သဘာဝကို ဆန့်ကျင်နေတယ်လို့ ထင်ကုန်ကြတော့မှာပေါ့။
စသဖြင့် ပြည်သူလူထုဆီ ဝါဒဖြန့်နေတာကို ထွန်းတောက်ထိန်သည် မမြင်ချင်မှအဆုံး မြင်နေရသည်။ ဖြစ်နိုင်လျှင် သူ့စာအုပ်တွေကို မီးပါရှို့ပစ်ချင်သည်။ သည့်ကြောင့် ထွန်းတောက်ထိန်သည် သည်းမခံနိုင်တော့အဆုံး ကိုဖေသွင်၏ အကောင့်ကို ဘလော့ပစ်ခဲ့ဖူးသည်။
“ဟင် ကိုဖေသွင်လား၊ သူက မြို့မှာဆို ကျုပ်ကြားတာတော့”
“ဟုတ်တယ်၊ အစကတော့ မြို့မှာပဲ၊ မြို့မှာ နှစ်လလောက်ပဲ နေပြီး တော်လှန်စားဖိုမှူးလုပ်ချင်လို့ပါဆိုပြီး မြို့ကအမျိုးတွေမသိအောင် ခိုးထွက်လာတာလေ၊ သူ့မအေကလည်း မြို့မှာ အလုပ်လုပ်နေတာဆိုပြီး သတင်းလွှင့်ထားတာ၊ အခု သူ အဖွဲ့တစ်ခုထဲရောက်နေတာကို ငါတစ်ယောက်ပဲသိတယ်၊ အစက ငါ့ဆီ လာမလို့ဆိုပြီး ဆက်သွယ်လာတာ၊ သူကတော့ သူ့မိဘတွေ မသိပါစေနဲ့လို့ တောင်းဆိုတယ်၊ ငါကတော့ သူတစ်ခုခုဖြစ်ရင် ငါ့တာဝန်မကင်းဘူးဆိုပြီး သူ့မိဘတွေကို ပြောတာပဲ၊ သူ့အဖေကတော့ မခေါ်ဖို့ အကြောက်အကန်ငြင်းတယ်၊ အဲ့ဒီတော့ ဖေသွင်က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတာတဲ့၊ မြောက်မြို့ကို ရောက်နေပြီ၊ လာကြိုလှည့်ပါဆိုပြီး ဗြုန်းစားကြီး ဆက်သွယ်လာတာ၊ ငါကတော့ မခေါ်ချင်လို့ သူ့အစ်ကို ကျော်အောင်နဲ့ ဆက်သွယ်ပေးလိုက်တာပဲ၊ အဲ့ဒီတော့ သူ့အစ်ကိုနဲ့ပဲ အနောက်မြို့နယ်က အဖွဲ့ထဲမှာ ထမင်းချက်နေတော့တယ်”
“ဪ အဲလိုကိုး၊ သူက ဘာလို့ ထမင်းပဲ ချက်တာလဲ၊ သေနတ်မပစ်ချင်ဘူးတဲ့လား၊ အင်းပေါ့လေ သူက ခြောက်နေတာကိုး”
“ဘယ်ကလာခြောက်လို့ရမှာလဲ၊ သူက သေနတ်ပစ်ချင်တာ တစ်ပိုင်းသေနေတာတဲ့၊ ဘယ်ပစ်လို့ရပါ့မလဲ၊ သူက အကြားအာရုံမသန်စွမ်းနေတာကိုး”
“ဪ ဟုတ်သားပဲ သူက နားလေးနေတာ”
ဒါကို သိလိုက်ရတော့ ထွန်းတောက်ထိန် အကျေနပ်ကြီး ကျေနပ်မိသွားသည်။ ဟုတ်သည်လေ။ ကိုဖေသွင်က နားလေးနေတာဆိုတော့ သေနတ်ပစ်လို့ ဘယ်ရမလဲ။ ခေါင်းဆောင်လည်း ဘယ်လိုလုပ်လို့ရပါ့မလဲ။ မီးဖိုချောင်ထဲမှာပဲ နိမ့်နိမ့်ကျကျနှင့် ထမင်းချက်တာပဲ တတ်နိုင်တော့မှာပေါ့။ သည်နေရာမှာတော့ ကိုဖေသွင်၏ ဘွဲ့တွေ၊ ပညာတတ်တာတွေ၊ CDM လုပ်ရပ်တွေဆိုတာက ဘာမျှ အသုံးဝင်မည်မဟုတ်။
“ထားလိုက်ပါကိုကြံမောင်ရယ်၊ ခေါ်မနေပါနဲ့၊ ဒီမှာ အလုပ်လည်း သိပ်ရှိတာမဟုတ်ဘဲနဲ့၊ ထမင်းချက်တာလောက်ကတော့ ဒီကကောင်တွေ အလှည့်ကျ ချက်လို့လည်း ရနေတာပဲ”
“ငါကလည်း မခေါ်ပါဘူး၊ ဖေသွင်ကကို လာချင်နေတာ၊ ဟိုမှာ ပျင်းတယ်ဆိုပဲ၊ သူများရွာမှာ နေရတော့ မျက်နှာကြည့်နေရတယ်တဲ့၊ စိတ်ကျဥ်းကျပ်တယ်တဲ့၊ တစ်ရွာတည်းသားတွေချည်းပဲ နေချင်တယ်ချည်း ပြောနေတာ၊ ကိုကျော်အောင်ကလည်း မလွှတ်ချင်ဘူးတဲ့၊ စိတ်မချဘူးတဲ့၊
ဒီနေရာက ကန်တော်သာပျူစောထီးရွာနဲ့ နီးလို့တဲ့လေ”
“ဪ အင်းပေါ့၊ ကျုပ်တို့လည်း ကန်တော်သာပျူစောထီးရွာကို သိမ်းပိုက်ဖို့ လုပ်ကြဦးမှာတဲ့လား”
“လုပ်မှာ စီစဥ်နေတုန်း၊ အလျင်ဆုံး ကျည်ဝယ်ဖို့ ငွေရှာရဦးမယ်၊ ကိုယ့်အဖွဲ့ကျည်က ကိုယ်ပဲရှာရတာ၊ လိုင်းပေါ်က မင်းဘော်ဒါတွေကို အကျိုးအကြောင်း သေချာပြောထား၊ ငွေအလုံအလောက်ရရင် ကျည်ကို မင်းနဲ့ငါ သွားဝယ်ရမယ်”
“ဟုတ်ကဲ့ပါဗျ”
ထွန်းတောက်ထိန်ကတော့ ရှေ့လျှောက် လုပ်ရမည့်အလုပ်များ တွေးတောခိုက် ကိုဖေသွင်ဆိုသူက ကြားထဲ ဝင်လာနှောင့်ယှက်လိုက်သလို ခံစားရသဖြင့် အလွန်စိတ်ညစ်ညူးမိသွားသည်။ တကယ်လို့များ ကိုဖေသွင် ပြောင်းလာခဲ့လျှင် မျက်စိစပါးမွေး စူးရုံမက သူတပါးတို့က ထွန်းတောက်ထိန်တို့ကမ့်ပ်မှာ အခြောက်ကြီးတစ်ယောက် ရှိနေတယ်ဆိုပြီး လှောင်ပြောင်မေးငေါ့ကြမှာကိုလည်း ပြေးပြေးမြင်နေသည်။ ဒါဖြင့်ရင် ထွန်းတောက်ထိန့်တပ် သိက္ခာကျတော့မည်ပေါ့။ သည့်ကြောင့် ထွန်းတောက်ထိန်သည် စိတ်ထဲကနေ တောက်ခေါက်ရင်း အရေးထဲ သည်သောက်ခြောက်ကတစ်မျိုးဟု ကျိန်ဆဲလိုက်သည်။
■ ထွင်
အပိုင်း (၁၀) ဆက်ရန်…







