ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဩဂုတ်လအတွင်း တနင်္သာရီတိုင်းတွင် လူငယ် ၁၂၀ ခန့် စစ်မှုထမ်း စုဆောင်းခံရ

September 8, 2026

ပုံစာ - အမှတ် (၅၇) ရေတပ်လေ့ကျင့်ရေးတပ်တွင် ပြုလုပ်သည့် စစ်မှုထမ်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲ။

တနင်္သာရီတိုင်း၌ စစ်မှုထမ်း အပတ်စဉ် (၂၈)ကို သင်တန်းသား ၁၂၀ ခန့်ဖြင့် ဖွင့်လှစ်ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်နှင့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ယင်းကြောင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုက တနင်္သာရီတိုင်းမှ လူငယ်အမျိုးသား ၁၂၀ ခန့်ကို စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းခဲ့ကြောင်း တွေ့ရသည်။

စက်တင်ဘာလ ၇ ရက်တွင် စစ်မှုထမ်း အပတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲကို ကျွန်းစုမြို့နယ်ရှိ စစ်အာဏာရှင်တပ်၏ အမှတ် (၅၇) ရေတပ်လေ့ကျင့်ရေးတပ်တွင် ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ သင်တန်းသား ၁၂၀ ခန့် ပါဝင်နေသည်ကို တွေ့ရသည်။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်း အပတ်စဉ် (၂၄) ဖြစ်သည့် ဧပြီလတွင် လူငယ် ၁၂၀ ဦး၊ မေလ အပတ်စဉ် (၂၅) တွင် ၁၆၀ ကျော်၊ ဇွန်လ အပတ်စဉ် (၂၆) တွင် ၂၀၀ ဦးနှင့် ဇူလိုင်လ အပတ်စဉ် (၂၇) တွင် ၁၄၀ ကျော် ရှိခဲ့သည်။

ထို့ကြောင့် ဧပြီလမှ ဩဂုတ်လအထိ ငါးလတာကာလအတွင်း တနင်္သာရီတိုင်း၌ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသည့် လူငယ် စုစုပေါင်း ၇၀၀ ကျော် ရှိလာပြီဖြစ်သည်။

သို့သော်ယင်းလူငယ်များမှာ မည်သည့်ဒေသများမှဖြစ်ကြောင်း တိတိကျကျ သိရခြင်း မရှိဘဲ အချို့မှာ တနင်္သာရီတိုင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော ဒေသပြင်ပမှ သူများလည်း ပါဝင်နိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း ပလောက်မြို့ရှိ အမှတ် (၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ကျွန်းစုမြို့နယ်ရှိ အမှတ် (၅၇) ရေတပ်လေ့ကျင့်ရေးတပ်တို့တွင် စစ်မှုထမ်းသင်တန်းကို အပတ်စဉ်တစ်ခုလျှင် တစ်လှည့်စီ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းအပြင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင်ရွာရှိ အမှတ် (၂) ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း (ရလရ-၂) တွင်လည်း စစ်မှုထမ်းမွမ်းမံသင်တန်းများ ဖွင့်လှစ်နေကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူများထံမှ သိရသည်။