လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာတွင်ရှိသော သီလရှင်ကျောင်းတွင် သီတင်းသုံးနေ သည့် သီလရှင်တစ်ပါးသည် ဆရာလေး သုံးပါး ခေါ်ဆောင်ပြီး ကားတစ်စီးကို ယူဆောင်သွားမှုအပေါ် နှစ်ဖက်အပြန်အလှန် အငြင်းပွားနေကြ သည်။
အနုဓမ္မာစာရီ သီလရှင်ကျောင်းတွင် ကျောင်းပိုင် သီလရှင် အနုဓမ္မာထေရီနှင့် သီလရှင် အင်္ကုရဉာဏီ တို့ အတူ သီတင်းသုံး နေသည်မှာ သုံးနှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း အဆိုပါသီလရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်တွင် အလှူငွေကိစ္စ အငြင်းပွားရာမှ သီလရှင် အင်္ကုရဉာဏီသည် ကျောင်းရှိ ကားတစ်စီးနှင့် အသက် ၉နှစ်မှ ၁၃နှစ်အထိအရွယ် ဆရာလေးသုံးပါးကို ခေါ်ဆောင်ကာ ကျောင်းမှ ထွက်ခွာသွားကြောင်း သီလရှင်ကျောင်း နာယက သီလရှင် အနုဓမ္မာထေရီက ပြောသည်။
ကားမှာ တပည့်ဒကာများလှူဒါန်းထားသည့် ကျောင်းပိုင်ကားကို ယူဆောင်သွားခြင်းဖြစ်ပြီး သီလရှင်ကျောင်းတိုက် အပြီးသတ်ရန် လှူဒါန်းထားသည့် ဝတ္ထုငွေ ကျပ်သိန်း ၁၀ ကျော်ကိုလည်း ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။
ကားနှင့် အလှူငွေများ ယူဆောင်သွားသည်ဆိုသည့်အပေါ် သီလရှင် အင်္ကုရဉာဏီကမူ ၎င်းပိုင်ဆိုင်သည့် ကားကိုသာ ယူဆောင်သွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ကျောင်းမှာ ကားနှစ်စီးရှိတယ်။ ဆရာလေး ပိုင်တဲ့ကားကိုပဲ ယူလာတာ။ အလှူငွေက နာယက ဆရာလေးပဲ ကိုင်တာလေ။ သူပေးမှ ရတာ” ဟု ၎င်းက ပြောသည်။
သီလရှင် အနုဓမ္မာထေရီကမူ ကျောင်းတွင် ကားနှစ်စီးရှိသည့်အနက် ကျောင်းတွင် လက်ရှိကျန်ရစ်ခဲ့သည့် အပြာရောင် အိမ်စီးကားမှာ သီလရှင် အင်္ကုရဉာဏီ၏ ကားဖြစ်ပြီး လက်ရှိယူဆောင်သွားသည်ကားမှာ ကျောင်းပိုင်ပစ္စည်းဖြစ်သည့် ခဲရောင် အိမ်စီးကားဖြစ်ကြောင်း ဆိုသည်။
“သူ့ကားက အင်ဂျင်တော်တော်ကျနေပြီ။ မောင်းမကန်တောင်လိုမျိုးဆိုရင် တော်ရုံ မရုန်းနိုင်တော့ဘူး” ဟု သီလရှင် အနုဓမ္မာထေရီက ပြောဆိုသည်။
ယင်းအပြင် ကျောင်းတိုက်တွင် အတူတကွ သီတင်းသုံးနေသည့် သီလရှင်ဆရာလေးများဖြစ်သော မခရေဖူး၊ မသော်ဇင်ဖြိုး တို့ ညီအစ်မနှင့် မြိတ်မြို့ခံ သီလရှင် အခြားတစ်ပါးတို့ကိုလည်း ဆရာလေး အင်္ကုရဉာဏီက ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။
ဆရာလေး မခရေဖူးနှင့် မသော်ဇင်ဖြိုးတို့မှာ ထားဝယ်မြို့၊ အထက ၁ ကျောင်းပြင်ပညာရေး Level 1 တွင် တက်ရောက် ပညာသင်ယူနေကြောင်း သီလရှင် အနုဓမ္မာထေရီက ဆိုသည်။
“(ညီအမနှစ်ယောက်က) ကလေးတွေက ထားဝယ် ပန်းတင်အင်းဘက်က။ ကျွန်းစုမှာ မိဘတွေအလုပ်လုပ်တော့ အဲဒီမှာ သွားနေတာ။ အားလုံး သုံးယောက်ကို ဆရာလေးသူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ သွားခေါ်ပြီး ကျောင်းပြင်ပ ပညာရေး ထားထားတယ်။ အခြေခံ ရအောင်၊ ပြီးမှ ဓမ္မစကူးလ်တွေကနေတစ်ဆင့် ဒီဘက်က ဗုဒ္ဓ စာပေတွေ သင်ကြားစေမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။
သီလရှင် အင်္ကုရဉာဏီ ကမူ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရန် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပြောသည်။
“သည်းခံ စိတ်မရှိတော့ ကလေးတွေက ထွက်ပြေးကြတယ်။ အခု သူ့မိဘတွေကို ပြန်အပ်ဖို့ ဆရာလေးလုပ်နေရတာ” ဟု ၎င်းက ဆိုသည်။
သီလရှင် အနုဓမ္မာစာရီကမူ ဆရာလေးများသည် ကျောင်းစာ မလုပ်ခြင်းနှင့် ပို့ချပေးသည့် သင်ခန်းစာ မကျက်သည့် အခါမျိုးတွင်သာ ဆုံးမခြင်းရှိသော်လည်း အငြိုးအတေးဖြင့် ရိုက်နှက်ဆုံးမခြင်းမျိုး မရှိကြောင်း ပြောဆိုသည်။
ဆရာလေးသုံးပါးနှင့် ကားကို ယူဆောင်သွားမှုနှင့်ပတ်သက်၍ လောင်းလုံးမြို့နယ်သံဃနာယကထံ ဆက်သွယ် အကြောင်းကြားထားပြီး တားဆီးပေးရန် တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် သီလရှင် အင်္ကုရဉာဏီသည် သီလရှင်ဆရာလေးသုံးပါးနှင့်အတူ ရန်ကုန်သို့ ရောက်ရှိသွားသည်ဟု စုံစမ်း သိရှိရသည်။
ဆရာလေးများကို အုပ်ထိန်းသူများက ပြန်လည်ပို့ဆောင်ပေးရန် လိုလားနေကြကြောင်း သီလရှင် အနုဓမ္မာစာရီက ပြောသည်။
သီလရှင် အနုဓမ္မာထေရီနှင့် သီလရှင် အင်္ကုရဉာဏီတို့သည် ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့ သမိုင်းလမ်းဆုံရှိ ချမ်းမြေ့ ဂုဏ်ဝေဆေကဝတီ သီလရှင်ဗုဒ္ဓ ကောလိပ်တွင် စာပေသင်ကြားစဉ် သိကျွမ်းခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် ၂၀၂၃ခုနှစ် မတ်လခန့်မှစ၍အတူ သီတင်းသုံးနေထိုင်ရန် ဧရာတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပတ္တမြားသီလရှင် ကျောင်းတွင် သီတင်းသုံးနေသည့် သီလရှင် အင်္ကုရဉာဏီအား သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း သီလရှင် အနုဓမ္မာထေရီက ပြောသည်။







