သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ သရက်နှစ်ခွနှင့် သင်းကျွန်းကျေးရွာကြားတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် ပြန်လည်ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီခန့်တွင် သရက်ချောင်းမြို့နယ်တောင်ပိုင်းမှ မြောက်ပိုင်းကို ဦးတည်ကာ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“မိုင်းဆွဲခံရပြီး ရမ်းသမ်းလျှောက်ပစ်တယ်။ အဲဒီအချိန်မှာ မိန်းမကြီးတစ်ယောက်က ကျည်ကွယ်ကို ဝင်ပြေးပြီး ပုန်းတယ်။ အဲဒါကို စစ်သားကမြင်ပြီး ပစ်ထည့်လိုက်တာ၊ မိန်းမကြီးကတော့ နေရာမှာပဲ သေတယ်” ဟု ၎င်းက ပြောဆိုသည်။
မိုင်းဆွဲခံရပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သလို လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သရက်နှစ်ခွရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ပစ်ခတ်ခံရပြီး မိန်းမတယောက်နေရာမှာတင် သေတယ်လို့ကြားတယ်။ အလောင်းကိုလဲ အိမ်ပေါ်ယူတင်ဖို့ သွားယူတာ စစ်သားတွေက မသယ်ခိုင်းသေးဘူးတဲ့။ သူတို့တင်ပေးမယ်လို့ပြောတယ်။ အခုနားကအထိ တစ်ချက်တစ်ချက် ပစ်နေတုန်းပဲ” ဟု ၎င်းက ယနေ့ နံနက် ၉နာရီခွဲဝန်းကျင်တွင် ပြောဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် သေဆုံးသူမှာ သရက်နှစ်ခွကျေးရွာသူ ဒေါ်ခါမြင့် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် ဖြတ်သန်းသွားလာသည့် အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သင်းကျွန်း၊ သရက်နှစ်ခွရွာတို့တွင် ရှိနေပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်နေသဖြင့် ဒေသခံများမှာ အိမ်ပြင်မထွက်ရဲကြကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်က ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်း နှစ်နာရီခွဲခန့်ကြာ ပိတ်ခဲ့ပြီး နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ပြန်လည်သွားလာ၍ ရကြောင်း ဒေသခံများထံမှ သိရသည်။







