ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း မင်းဒပ်ရွာကို ခေတ္တပြန်လာသည့် စစ်ဘေးရှောင်ဆယ်ချီကို စစ်အာဏာရှင်တပ်ဖမ်းဆီး

September 7, 2026

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းရှိ မင်းဒပ်ရွာသို့ ပြန်လာသည့် စစ်ဘေးရှောင်ရွာသား ဆယ်နှင့်ချီကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခံထားကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် နေအိမ်ရှိ စပါးကျီထဲက စပါးများနှင့် လိုအပ်သည့် ပစ္စည်းများ ဝင်ရောက် ယူဆောင်နေစဉ် စစ်အာဏာရှင်တပ်ဖွဲ့ ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မင်းဒပ်ကျေးရွာသည် စစ်အာဏာရှင် တပ်စွဲထားသည့် ဝင်းဝကျေးရွာနှင့် တံတားတစ်စင်းသာ ခြားသည်။ စစ်ရေးပဋိပက္ခများကြောင့် မင်းဒပ်ကျေးရွာဒေသခံများသည် အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ကျော် ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီးအရွယ်စုံပါဝင်ပြီး မင်းဒပ်ရွာက နေအိမ်တစ်ခုတွင် ထိန်းသိမ်းထားသည်ဟုသိရကြောင်း မင်းဒပ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အခုမနက်မှာ ရွာထဲဝင်ပြီး စပါးကျီထဲက စပါးတွေ ဝင်ယူကြတယ်။ ဝင်ယူနေချိန် စစ်တပ်ရောက်လာပြီး ဖမ်းတာ။ သီသီလေးလွတ်သွားသူတွေ စစ်သားတွေကို မြင်လို့ပြန်လှည့်ပြေးလာသူတွေ ပြောပြလို့သိရတာပါ။ အဖမ်းခံထားရတာ အားလုံး ၂၀ လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများတွင် ၎င်း၏ မိသားစုဝင်လည်း ပါဝင်နေကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခံရမည်ကို မိသားစုဝင်များက စိုးရိမ်နေကြပြီး သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က ဘယ်လိုရောက်လာတယ် မသိဘူး။ ရွာထဲဝင်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရတယ်” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

ယခုနှစ် မတ်လတွင် ဝင်းဝစခန်းတိုက်ပွဲဖြစ်ပြီးနောက် မင်းဒပ်ရွာက နေအိမ် ၆၀ ခန့်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။