ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ရေးသူကို စစ်အုပ်စုက ထောင်ဒဏ် ခုနစ်နှစ်ချ

September 6, 2026

မွန်ပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက် ဝင်ရေးခဲ့သူကို စစ်အုပ်စုက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်ကြောင်း နီးစပ်သည့် ဒေသခံများက ပြောသည်။

ရေးဘီလူး Facebook လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်များ ဝင်ရေးသည်ဆိုပြီး မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း ကျေးရွာ ဒေသခံ ဦးဇင်မင်းခိုင်ကို ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာအနီး သံဖြူဇရပ်-ကျိုက္ခမီကားလမ်းပိုင်းတွင် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးဇင်မင်းခိုင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းတွင် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။

“ရေးဘီလူး ပေ့ချ်မှာ comment တွေ ပေးလို့ဆိုပြီးတော့ ဖမ်းတယ်။ ပြီးတော့ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်တယ်။ အခု ထောင်ဒဏ် ချလိုက်တယ်။ ခုနစ်နှစ် ချလိုက်တယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဦးဇင်မင်းခိုင် ဖမ်းဆီးခံရသည့် ဩဂုတ်လ ၈ ရက်တွင်ပင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ မဖူးပွင့်ဝေကိုလည်း ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသည်ဆိုပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။

မဖူးပွင့်ဝေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့် အရေးယူထားပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။