ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သံဖြူဇရပ်တွင် ခြံလုပ်သားဇနီးမောင်နှံကို စစ်အာဏာရှင်တပ် ဖမ်းဆီး

September 6, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးကို စစ်အာဏာရှင်တပ်က လာရောက်ဖမ်းဆီးသွားကြေင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက် နေ့လယ်ပိုင်းတွင် အသက် ၃၁ နှစ်အရွယ် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူနှင့် ဇနီးဖြစ်သူ မဖြူဖြူအောင် (ခ) မဖြူတို့ကို နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ကို သတင်းပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“PDF ‌တွေကို သတင်းပေးနေတယ်ဆိုပြီး ဖမ်းသွားတယ်လို့ ပြောတယ်။ သူတို့က ရော်ဘာ အစေးလာခြစ်နေကြတဲ့လူတွေ။ ဒေသခံတွေတော့ မဟုတ်ဘူး” ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် ဝယ်ဝင်္ကရာကျေးရွာအနီးတဝိုက်ရှိ ရော်ဘာခြံတို့တွင် ရော်ဘာအစေးခြစ် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါဇနီးမောင်နှံကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သံဖြူဇရပ်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်နွှယ်ပတ်သက်သည်ဆိုကာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အရပ်သားပြည်သူများကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်ဝင်ရေးသည်များကိုလည်း စောင့်ကြည့် ဖမ်းဆီး အရေးယူနေသည်။

ဖမ်းဆီးခံရသူများကို စစ်အုပ်စုက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လေ့ရှိသည်။