မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ကျိုက်ထိုမြို့ အခြေစိုက် စစ်အာဏာရှင် တပ်မ (၄၄) က လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်၎င်းတို့က ပြောသည်။
လက်နက်ကြီးကျည် ဘီးလင်းမြို့နယ်၊ ညောင်ထောက်ရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်ဝန်းကျင် ကလေးတစ်ဦး နေရာတွင်ပင်သေဆုံးပြီး မိခင်ဖြစ်သူလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။
“လက်နက်ကြီး နှစ်လုံး ကျတယ်။ သားအမိနှစ်ဦး ထိသွားတယ်” ဟု ၎င်းက ပြောသည်။
ညောင်ထောက်ရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လကလည်း ဘောလုံးပြိုင်ပွဲ ကျင်းပနေသည့် ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းတွင် စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ် KG ကျောင်းသားလေး တစ်ဦး သေဆုံးပြီး အခြားကျောင်းသား၊ ကျောင်းသူငယ်များအပါအဝင် ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ကျိုက်ထိုမြို့နယ်ရှိ စစ်အာဏာရှင်တပ်ရင်း၊ တပ်စခန်းများက KNU၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲရှိ ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်။
စစ်အာဏာရှင်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ လူနေအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။







