ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ အလုပ်သမားအဆောင်တွင် မြန်မာအမျိုးသမီးများ ရေချိုးနေစဉ် ဖုန်းဖြင့် ဗီဒီယိုခိုးရိုက်သော မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ဗီဒီယို ခိုးရိုက်ခဲ့သော အသက် ၃၀ နှစ်အရွယ် မြန်မာအမျိုးသားကို ဖုန်းထဲက ဗီဒီယိုသက်သေများနှင့်အတူ စက်တင်ဘာလ ၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောသည်။
“ကိုယ့်မြန်မာပြည်သားအချင်းချင်း ဒီလိုမျိုး ခိုးရိုက်တယ်ဆိုတာ အင်မတန် ရှက်ဖို့ကောင်းပါတယ်။ အခုတော့ အခြားသူတွေ ကိုပါ ရိုက်ထားတာ ရှိမရှိ ရဲတွေ ထပ်စစ်နေတုန်းပေါ့နော်။ ဒါကို ဥပဒေအတိုင်း အပြစ်ပေးနိုင်ဖို့ ဆက်လုပ်နေတုန်းပါ” ဟု ၎င်းက ဆိုသည်။
ဗီဒီယိုခိုးရိုက်မှုကို အဆောင်တွင်နေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦးက သိရှိခဲ့ပြီးနောက် ယင်းအမျိုးသား နေထိုင်သော အခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာမှ ဗီဒီယိုမှတ်တမ်းများကို တွေ့ရှိခဲ့ကြောင်း ကိုရဲမင်းက ပြောဆိုသည်။
ထို့ကြောင့် အမျိုးသမီးများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူသည် အိမ်ထောင်ရှိပြီး သားသမီးလည်း ရှိကြောင်း သိရသည်။
ဗီဒီယို ခိုးရိုက်မှု၊ ကာယိန္ဒြေပျက်ပျားစေမှုဖြင့် အဆိုပါအမျိုးသားကို အမျိုးသမီးများက အမှုဖွင့်ထားကြောင်း ကိုရဲမင်းက ပြောသည်။












