ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် အလုပ်ကြိုပို့ကား မြောင်းထဲထိုးကျပြီး မြန်မာလုပ်သား ၂၀ ကျော် ဒဏ်ရာရ

September 7, 2026

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် အလုပ်သမားကြိုပို့သော ကားတစ်စီး မြောင်းထဲ ထိုးကျတိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ၂၀ ‌ကျော် ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီခွဲခန့်က ချာချင်စောင်မြို့ ဘန်းပကွန်ဒေသတွင် အလုပ်သမားများကို စက်ရုံသို့ ပို့ဆောင်သည့် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေး မြောင်းထဲသို့ ထိုးဆင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ထိုင်းနိုင်ငံသား ကားသမားနှင့်အတူ မြန်မာအလုပ်သမား ၃၀ ကျော် လိုက်ပါလာသည်။

ကားမှောက်မှုကြောင့် မြန်မာအလုပ်သမား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၂၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာ ပြင်းထန်ပြီးစိုးရိမ်ရကြောင်း ဖော်ပြသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြကြောင်း ဖော်ပြသည်။

ကားသည် လမ်းကွေ့အရောက်တွင် လမ်းကြောင်း ကျဉ်းသဖြင့် လမ်းချော်ပြီး တိမ်းမှောက်ကာ မြောင်းထဲ ကျသွားခဲ့ခြင်းဖြစ်ကြောင်း ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်ဟု ဆိုသည်။

လက်ရှိတွင် ကားမှောက်သည့် အကြောင်းအရင်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေပြီး ကားသမားကို ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။