မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ သကန်ရွာဟောင်းနှင့် ဘန်မဲကျေးရွာတို့ရှိ နေအိမ်များကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖောက်ထွင်း၍ ပစ္စည်းများယူသွားကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၄ ရက်တွင် ဘန်မဲနှင့် သကန်ရွာဟောင်းကျေးရွာတို့ကို စစ်ကြောင်းဝင်ရောက်ပြီး နေအိမ်များကို ဖောက်ထွင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဘန်မဲရွာမှာ တစ်ဆောင်တည်းကို ရွှေက နှစ်ကျပ်၊ ငွေက သိန်းတစ်ရာလောက် ပါသွားတယ်။ မွှေနောက်ပြီး အကုန်ယူသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
ဘန်မဲရွာတွင် သြဂုတ်လအစောပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ရုတ်တရက်ဖြစ်ပွားသဖြင့် ရွာသားများ ချက်ချင်းထွက်ပြေးရရာ နေအိမ်ရှိပစ္စည်းများကို သယ်ယူရန် အချိန်မရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွာတွင် ရွာသားအချို့သာ ပြန်လည်ရောက်ရှိသေးသဖြင့် ကနဦးသိရသည့် အခြေအနေအရ နေအိမ် ဆယ်ချီဖောက်ထွင်းခံရကြောင်း ၎င်းတို့က ပြောသည်။
သကန်ရွာဟောင်းတွင် နေအိမ် ဆယ်ချီဖောက်ထွင်းခံရကြောင်း ဒေသခံများက ဆိုသည်။
သကန်ရွာဟောင်းရွာဒေသခံများကို ဩဂုတ်လ ၂၇ရက်တွင် နောက်ဆုံးထား ပြောင်းရွှေ့ရန် စစ်အာဏာရှင်တပ်က ခြိမ်းခြောက်သဖြင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည်။
ယင်းသို့ ပြောင်းရွှေ့ချိန် မသယ်ဆောင်နိုင်ဘဲ ထားခဲ့ရသည့် ဆန်၊ စပါးများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းယူဆောင်ကြောင်း ဒေသခံများက ပြောဆိုသည်။
“အိမ်တွေမှာက လူမရှိဘူး။ စကစ လုပ်သွားတာကို တချို့ရွာသားတွေ မြင်နေရတယ်။ ယူသွားပြီး အိမ်ထဲရှိတဲ့ဟာတွေလည်း မွှေထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သားများသည် စက်တင်ဘာလ ၄ရက် ညနေတွင် တုံးဗျောကျေးရွာအုပ်စုမှ ဇဝဲကျေးရွာသို့ စစ်ကြောင်း ပြန်ထိုးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။







