ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်ရေ ပြန်ကျ၊ ပိတ်မိနေသည့်ကားများ ဖြတ်သန်းခွင့်ရ

September 5, 2026

ပုံစာ - ယနေ့ စက်တင်ဘာလ ၅ ရက် ရေပြန်ကျသွားသည့် လယ်တောင်ယာရွာ လမ်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ - KLN

တနင်္သာရီမြစ်ရေသည် စက်တင်ဘာလ ၄ ရက်ကစ၍ အန္တရာယ်ရေအမှတ် ၂၄ ပေအောက် လျော့ကျလာနေကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်တွင်မူ ရေအမှတ် တိုင်းတာသည့် ရေအမှတ်တိုင် ကျိုးပဲ့သွားသဖြင့် ယနေ့ ရေအမှတ် တိတိကျကျ မသိရကြောင်း ၎င်းတို့က ပြောသည်။

တနင်္သာရီမြို့အတွင်း၌မူ ယနေ့ နံနက်တွင် ရေပြန်ကျနေကာ နေအိမ်အချို့ သန့်ရှင်းရေးလုပ်နေကြပြီး ရေဝင်နေသေးသည့် နေအိမ်အချို့လည်း ရှိနေသေးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ရေကြီးရေလျှံနေသည့် မော်တုန်းရွာနှင့် တကူရွာဘက်တွက်လည်း ရေပြန်ကျနေပြီဖြစ်ကြောင်း ဒေသခံများ မှတ်တမ်းတင်ထားသည့် ရုပ်သံများအရ သိရသည်။

ပြည်ထောင်စုကားလမ်းမပေါ် ရေကျော်၍ ကားများပိတ်မိနေသည့် လယ်တောင်ယာရွာတွင်လည်း ယနေ့ စက်တင်ဘာလ ၅ နံနက်မှစ၍ ရေကျကာ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

“ရေကျသွားပါပြီ။ ကားကြီးကားသေး အကုန်ဖြတ်လို့ရပါပြီ” ဟု ၎င်းက ပြောသည်။

မြိတ်-တနင်္သာရီ ကားလမ်းပိုင်းရှိ ကားလမ်းရေကျော်နေသည့် ကော့မပြင်၊ အော်ကြီး ကျေးရွာတို့တွင်လည်း ရေကျကာ ကားများ ပြန်သွားလာ၍ ရပြီဖြစ်ကြောင်း စစ်အုပ်စု၏ ရုပ်မြင်သံကြားက စက်တင်ဘာလ ၄ ရက် ညပိုင်းသတင်းတွင် ကြေညာသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း တနင်္သာရီမြစ်ရေသည် အန္တရာယ်အမှတ်ကို ကျော်ကာ ၂၅ ပေ ၉ လက်မအထိ ရေတက်ခဲ့ပြီး တနင်္သာရီမြို့မှ အိမ်ထောင်စု သုံးရာကျော်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံထောင်ချီ ရက်သတ္တပတ်ခန့်ကြာ ရေဘေးသင့်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။