မွန်ပြည်နယ်အတွင်းသို့ တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးနေကြောင်း ယာဉ်မောင်းများနှင့် ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် အစီးရေ ၆၀ ကျော်ကို ကျိုက်မရောမြို့နယ်၊ ကြက်သွန်ကုန်းနှင့် နတ်စမ်းကျေးရွာအကြားတွင် စစ်အုပ်စု၏ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ၆ ဘီး၊ ၁၂ ဘီး ကုန်တင်ကားကြီးများဖြင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို ကျိုက်မရောမြို့နယ်၊ MCL ဘိလပ်မြေစက်ရုံ အနီးတစ်ဝိုက်တွင် ခေါက်တိုယာဉ်များပေါ်သို့ ပြောင်းရွှေ့တင်ဆောင်ကာ မော်လမြိုင်မြို့နှင့် ထိုမှတစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ကြခြင်းဖြစ်သည်။
အဆိုပါ ထိုင်းကုန်စည်များသည် ကျိုက်မရောမြို့အဝင်ရှိ စစ်အုပ်စု၏ စစ်ဆေးရေးဂိတ် သုံးဂိတ်ထက်မနည်းကို ဂိတ်ကြေးပေးဆောင်ပြီး ဖြတ်သန်းလာခဲ့ပြီးမှ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
“ထိုင်းပစ္စည်းတွေက ဂိတ်တွေကို ပိုက်ဆံပေးပြီးမှ ဝင်လာကြတာ။ တစ်ဖက်မှာလည်း အခုလို ဖမ်းတယ်။ အခုက နေပြည်တော်ကနေ လာဖမ်းတယ်လို့တော့ ပြောကြတယ်။ ကုန်သည်တွေက နစ်နာတယ်။ ဂိတ်ကြေးလည်း ပေးထားရတယ်၊ အဖမ်းလည်း ခံရတယ်” ဟု ဘုရားသုံးဆူ-မော်လမြိုင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များ အပါအဝင် လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ပစ္စည်းအမျိုးမျိုးကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးနေသည့်အပြင် ပွဲရုံများနှင့် ဈေးကွက်များထဲအထိပါ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။
စစ်အုပ်စုက ထိုင်းကုန်ပစ္စည်းများကို ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးနေသည့်အတွက် ကုန်စည်တင်သွင်းမှု ရပ်တန့်သွားနိုင်ပြီး ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း ထိုင်းကုန်ပစ္စည်း ရောင်းချသူများက သုံးသပ်ကြသည်။
မွန်ပြည်နယ် ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးပစ္စည်း အပါအဝင် လူသုံးကုန်ပစ္စည်း အများစုမှာ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်တို့မှတစ်ဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။







