ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနှစ်ဦး အရက်သောက်စဉ် စကားများရာမှ ဓါးထိုးမှုဖြစ်ပြီး မြန်မာတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၇ ရက် နေ့လယ်ပိုင်းက စက်မှုဇုန်အနီးနေထိုင်သော မြန်မာနိုင်ငံသားနှစ်ဦးသည် အခန်းထဲ အတူတကွ အရက်သောက်နေရာမှ စကားများ ရန်ဖြစ်ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဓားဒဏ်ရာဖြင့် သွေးအိုင်ထဲ လဲကျနေပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။
အခန်းအနီးတွင် အသက် ၄၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို အရက်မူးလျက် ဓားကိုင်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
၎င်းသည် ဖမ်းဆီးခံခြင်း မရှိသဖြင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်၍ ဖမ်းဆီးခဲ့ရကြောင်း ဆိုသည်။
၎င်းကို ဖမ်းဆီးချိန်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ လက်မောင်း၌ ဓားဒဏ်ရာ ရရှိခဲ့သေးကြောင်း ဖော်ပြသည်။
သေဆုံးသူသည် ယင်းနေရာက အလုပ်သမားဖြစ်ပြီး ဓားထိုးမှုကျူးလွန်သူသည် ယင်းနေရာသို့ ရောက်လာသည်မှာ မကြာသေးကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ဖော်ပြသည်။
၎င်းတို့နှစ်ဦး စကားများ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ မသိရပေ။
လက်ရှိတွင် လူသတ်မှုဖြစ်ခဲ့သော ဓားကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ပြီး ကျူးလွန်သူကို ဘန်းလမောင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ယူခဲ့ကြောင်း ဖော်ပြသည်။












