ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီတလီ သတင်းထောက်က ရီးရဲလ်နည်းပြ ဂျိုဆေးမော်ရင်ဟိုကို အံ့အားသင့်ဖွယ် လက်ဆောင်ပေး

September 8, 2026

ချန်ပီယံလိဂ်ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ အီတလီ သတင်းထောက်တစ်ဦးက ရီးရဲလ်မက်ဒရစ်နည်းပြ ဟိုဆေးမော်ရင်ညိုကို အံ့အားသင့်ဖွယ် လက်ဆောင်တစ်ခု ပေးခဲ့ပါတယ်။

အဲ့ဒါကတော့ ရေဖျန်းစက် ဖြစ်တယ်လို့ Football Italia က သတင်းဖော်ပြထားပါတယ်။

အီတလီ သတင်းထောက် တန်ကရီဒီပါလ်မေရီဟာ မော်ရင်ညိုရဲ့ အထင်ကရ ချန်ပီယံလိဂ်ညတစ်ညဖြစ်တဲ့ အင်တာမီလန်နဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ အောင်ပွဲကို ပြန်လည် အမှတ်ရစေဖို့အတွက် အပြာရောင်ဖဲကြိုးနဲ့ ထုပ်ပိုးထားတဲ့ ရေဖျန်းစက်တစ်ခုကို သတင်းစာရှင်းလင်းပွဲ အပြီးမှာ လက်ဆောင်အဖြစ် သွားရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒီအံ့အားသင့်စရာလက်ဆောင်ကို လက်ခံရရှိလိုက်ချိန်မှာ “The Special One” လို့ နာမည်ကြီးတဲ့ နည်းပြကြီး မော်ရင်ညိုက သတင်းထောက်ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး အဲ့ဒီလက်ဆောင်ကို မော်ရင်ညိုက အရမ်းပဲ နှစ်ခြိုက်သဘောကျတယ်ဆိုတာ အထင်းသား ပေါ်လွင်နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ် (၂၀၀၉-၂၀၁၀ ဘောလုံးရာသီ) တုန်းက မော်ရင်ညို ဦးဆောင်တဲ့ အင်တာမီလန်အသင်းဟာ မက်ဆီပါဝင်တဲ့ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒုတိယအကျော့ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ရရှိလိုက်တာကြောင့် မော်ရင်ညိုဟာ ဘာစီလိုနာအသင်းပိုင် နူးကမ့်ကွင်းကြီးရဲ့ ကွင်းလယ်မှာ လက်နှစ်ဖက်ကို မြှောက်ပြီး ပြေးလွှား အောင်ပွဲခံခဲ့ပါတယ်။

အဲဒီလို အောင်ပွဲခံနေချိန်မှာ ကွင်းထဲမှာရှိတဲ့ ရေဖျန်းစက်တွေ ပွင့်လာပြီး ရေတွေ စိုရွှဲသွားခဲ့ပေမဲ့ အင်တာ ကစားသမားတွေနဲ့ မော်ရင်ညိုတို့က မရပ်နားဘဲ ဆက်ပြီး အောင်ပွဲခံနေခဲ့လို့ အဲဒီပုံရိပ်ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အထင်ကရအကောင်းဆုံးပုံရိပ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီဘောလုံးရာသီတုန်းက အင်တာမီလန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက Coaches’ Voice နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မော်ရင်ညိုက မက်ဆီကို ဟန့်တားထိန်းချုပ်ခဲ့တဲ့ဗျူဟာနဲ့ပတ်သက်လို့ “အဓိက,ကတော့ မက်ဆီကို ဘောလုံးမရအောင် လုပ်ဖို့ပါပဲ။ အီတလီမှာ အဲဒါကို ‘Gabbia’ လို့ သုံးကြပါတယ်။ ကျွန်တော်တို့ လူချင်းကပ် မကစားခဲ့ပေမဲ့ ဇာနက်တီ ၊ မော့တာနဲ့ ကမ်ဘီယာဆို အစရှိတဲ့ ကစားသမားအားလုံးက မက်ဆီ ရောက်လာနိုင်တဲ့ နေရာတိုင်းအတွက် တာဝန်ကိုယ်စီယူပြီး တားဆီးပေးခဲ့ကြပါတယ်” ဆိုပြီး ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။