ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မက်ဆီကို ဂုဏ်ပြုထားတဲ့ ဂါဝန်ဒီဇိုင်းနဲ့ မယ်ကမ္ဘာစင်မြင့်ထက်မှာ ပွဲထွက်လာတဲ့ အာဂျင်တီးနား အလှမယ်

September 7, 2026

ဗီယက်နမ်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Miss World 2026 ပြိုင်ပွဲကြီးမှာတော့ အာဂျင်တီးနားနိုင်ငံ ကိုယ်စားပြု အလှမယ် အေလီနာလပ်ဇ် အေဇဲလ်ရတ်ဒ်ရဲ့ သက်ရှိဂန္ထဝင် မက်ဆီကို ဂုဏ်ပြုခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေ အကြား အရမ်းပဲ ရေပန်းစားသွားခဲ့ပါတယ်။

အာဂျင်တီးနား အလှမယ် အေလီနာလပ်ဇ် အေဇဲလ်ရတ်ဒ် (Alina Luz Axelrad) ဟာ မယ်ကမ္ဘာ ဖိုင်နယ်ညမှာ မက်ဆီရဲ့ ဘောလုံးသမားဘဝ တစ်ခုလုံးကို ဂုဏ်ပြုထားတဲ့ အလန်းစား ဂါဝန်ဒီဇိုင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့တာပါ။

အာဂျင်တီးနားနိုင်ငံရဲ့ ရိုးရာအမှတ်အသားဖြစ်သလို အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ဂျာစီအရောင်ဖြစ်တဲ့ မိုးပြာရောင်အနုနဲ့ အဖြူရောင်တွေကို အခြေခံပြီး နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ အော်ရယ်လ်လီယို မာတီနက်ဇ်က ဖန်တီးပေးထားတဲ့ ဂါဝန်ကို ဆင်မြန်းပြီး ဖိုင်နယ်ညကို ပွဲထွက်ခဲ့တာပါ။

မက်ဆီရဲ့ ကလေးဘဝက ကစားခဲ့တဲ့ နယူးဝဲလ်အိုးဘွိုင်းစ်အသင်း၊ ဘာစီလိုနာခေတ်ကာလတွေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးပေးခဲ့တဲ့ သမိုင်းဝင် အခိုက်အတန့်ပုံရိပ်တွေကို ဂါဝန်ပေါ်မှာ အသေးစိတ် ပုံဖော်ထည့်သွင်းထားတာပါ။

အခုလို ထူးခြားဆန်းသစ်တဲ့ပုံစံနဲ့အတူ မက်ဆီကို အဓိပ္ပာယ်ပြည့်ဝစွာ ဂုဏ်ပြုပုံဖော်ခဲ့တဲ့ အာဂျင်တီးနားအလှမယ် အေလီနာလပ်ဇ်အေဇဲလ်ရတ်ဒ် ဟာ Miss World 2026 ပြိုင်ပွဲကြီးရဲ့ Top 20 စာရင်းထဲအထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ထူးခြားချက်တစ်ခုလို့ ဆိုရမှာက အေလီနာလပ်ဇ်အေဇဲလ်ရတ်ဒ် ဟာ ၂၀၂၁ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ မယ်စကြဝဠာ ပြိုင်ပွဲတုန်းကလည်း အာဂျင်တီးနားရဲ့ နောက်ထပ် ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာ ကို ဂုဏ်ပြုတဲ့ဖက်ရှင်နဲ့ ပွဲထွက်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

Miss World 2026 ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ညမှာ အေလီနာလပ်ဇ်အေဇဲလ်ရတ်ဒ် ဆင်မြန်းလာခဲ့တဲ့ မက်ဆီ ဂုဏ်ပြုဖက်ရှင် ဒီဇိုင်းဂါဝန်ကို ကြိုက်နှစ်သက်သူတွေ အရမ်းများနေပြီး တချို့အမျိုးသမီးတွေက အဲဒီဂါဝန်ဒီဇိုင်းမျိုးနဲ့ ပွဲတက်ဖက်ရှင်ချုပ်ဖို့ အလုပ်အပ်နေကြပြီလို့ သတင်းတချို့က ဆိုပါတယ်။