အိမ်စီးကားဖြင့် ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးသည် ဩဂုတ်လ ၂၅ ရက်တွင် ကားရော လူပါ ပျောက်ဆုံးနေပြီး အဆက်အသွယ်မရရှိသည်မှာ သီတင်းပတ်နှစ်ပတ်အထိ ကြာမြင့်လာပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ပျောက်ဆုံးနေသူမှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံတွင် နေထိုင်သည့် ကိုပါးကွက် (ခေါ်) ကိုဟေမာန်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ဩဂုလ်လ ၂၅ ရက်တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်သုံးဦးကို လောင်းလုံးမြို့နယ်မြောက်ပိုင်း ခမောင်းတောင်နှင့် မြို့ဟောင်းကျေးရွာကြား လမ်းပိုင်းတစ်နေရာတွင် သွားရောက်ခေါ်ယူချိန်မှ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယနေ့ စက်တင်ဘာလ ၈ ရက် သီတင်းပတ်နှစ်ပတ်ကြာသည်အထိ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်မရကြောင်း ၎င်းက ဆိုသည်။
“သူက အဲဒီနေ့က လောင်းလုံးဘက် လူသွားခေါ်မယ်ဆိုပြီး မနက် ၆ နာရီလောက်ထွက်သွားတယ်။ အဲဒီကတည်းကစပြီး အဆက်အသွယ် လုံးဝ မရှိတော့ဘူး” ဟု နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ကိုပါးကွက် (ခေါ်) ကိုဟေမာန်ဦးသည် SGG 28 BB-7406 နံပါတ်ပြားအနီ တိုရိုတာ ပရိုဘောက်ခရီးသည်တင်ယာဉ်ဖြင့် အာဏာသိမ်းဖြစ်စဉ်မတိုင်မီကပင် ရန်ကုန်-ထားဝယ် ပြေးဆွဲနေသူဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
“ကျွန်မတို့အမြဲတမ်း စီးနေတဲ့ကားပါ။ သူကစိတ်ရင်း တော်တော်ကောင်းတယ်။ ခရီးသည်တိုင်းကို မိသားစုလို ဆက်ဆံ တယ်။ သူ့ကားစီးဖူးသူတိုင်း သိတယ်။ သူအိမ်မှာလည်း ထမင်းစားဖူးတယ်။ အခု အဆက်အသွယ်မရဘူးဆိုပြီး သူရဲ့ ကားသမား အသိုင်းအဝိုင်းကနေသိရတော့ လုံးဝစိတ်မကောင်းဘူး။ အမြန်ပြန်တွေ့ပါစေ” ဟု အဆိုပါကားဖြင့် မကြာခဏ ခရီးသွားလေ့ရှိသူ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကိုဟေမာန်ဦးတွင် ဇနီးသည်နှင့် နိုစို့ကလေး အပါအဝင် သားသမီးသုံးဦး ရှိကြောင်း လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအချို့ထံမှ သိရသည်။







