လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာသို့ ရောက်ရှိလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား တစ်ရာဝန်းကျင်ခန့်ပါသည့် အဆိုပါစစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် လောင်းလုံးမြို့ဘက်မှတစ်ဆင့် မြို့၏အရှေ့ဘက်ရှိ ပြင်းထိန်ရွာသို့ စစ်ကြောင်းထိုး ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်ကြောင်းလာချိန်မှာ လူတွေ ရွာထဲ အကုန်ရှိနေကြတယ်၊ ထွက်ပြေးချိန် မရလိုက်ကြဘူး။ အခုထိလည်း သက်ကြီးပိုင်းတွေ ရွာထဲ ရှိနေကြသေးတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့နောက် ရွာထဲ ရောက်ရှိနေသည့် အဆိုပါစစ်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းဘက်ကလည်း လက်နက်ကြီးတစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သို့သော် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ၎င်းတို့ကဆိုသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်အထိ ပြင်းထိန်ကျေးရွာရှိ လူနေအိမ်များတွင် တပ်စွဲကာ ချက်ပြုတ်စားသောက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်း ရောက်ရှိနေခြင်းကြောင့် လူငယ်နှင့် လူလတ်ပိုင်းအရွယ် ဒေသခံအများစုမှာ အဓမ္မဖမ်းဆီးခံရမည်စိုး၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယင်းစစ်ကြောင်း ရှေ့ဆက်ထိုးလာနိုင်သဖြင့် ပြင်းထိန်ကျေးရွာ အရှေ့ဘက်ရှိ ဝေဒီကျေးရွာနှင့် တောင်ဘက်ရှိ စစ်ပြဲကျေးရွာအုပ်စုတို့မှ ဒေသခံများလည်း အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြရကြောင်း ဒေသခံအချို့ထံမှ သိရသည်။







