ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ရတနာပုံလမ်းပိုင်းရှိ နေအိမ် ၃ လုံးကို မီးရှို့

August 24, 2026

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံလမ်းပိုင်း ၃ မိုင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ၅ မိုင်အနီးဝန်းကျင်ရှိ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ရှိ ရတနာပုံလမ်းပိုင်း ၃ မိုင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ၅ မိုင်တွင်ရှိသည့် ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၏ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွာသားများသည် မြို့ပေါ်တွင် ပြောင်းရွှေ့နေထိုင်ကြသည်မှာ လချီရှိနေပြီဖြစ်ကြောင်းနှင့် မီးရှို့ခံရသည့်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မီးရှို့ပြီး ၃ မိုင်နားကိုပဲ ပြန်ဆုတ်သွားတယ်လို့ ယူဆရတယ်။ ရှောင်တခင် ဝင်ပြီး မီးရှို့ပုံရတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ဖေဖော်ဝါရီလအစပိုင်းက ရတနာပုံဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်များ တိုက်ပွဲဖြစ်ပွားသဖြင့် ရတနာပုံလမ်းပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများသည် တိမ်းရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။