ထိုင်းနိုင်ငံ၊ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး (လဝက) ထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၁၇ ဦး (စုစုပေါင်း ၉၆ ဦး)နှင့် ကလေးငယ်တစ်ဦးတို့ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် စစ်အုပ်စုထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခု အကြိမ်သည် ၂၀၂၆ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ပြန်ပို့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း စုစုပေါင်း မြန်မာနိုင်ငံသား ၁,၂၅၂ ဦးအထိ ကော့သောင်းသို့ လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။
ယင်းလွှဲပြောင်းမှုများတွင် ဇန်နဝါရီလ၌ နှစ်ကြိမ် ၁၆၈ ဦး၊ ဖေဖော်ဝါရီလ၌ နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လ၌ နှစ်ကြိမ် ၁၉၃ ဦး၊ ဧပြီလ၌ ၇၈ ဦး၊ မေလ၌ နှစ်ကြိမ် ၁၉၈ ဦး၊ ဇူလိုင်လ၌ နှစ်ကြိမ် ၂၀၇ ဦး၊ ဩဂုတ်လ၌ ၁၈၄ ဦးနှင့် ယခု စက်တင်ဘာလတွင် ၉၆ ဦးတို့ ပါဝင်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ရနောင်းမှ ကော့သောင်းသို့ မြန်မာနိုင်ငံသား ၂,၀၀၅ ဦးနှင့် ၂၀၂၅ ခုနှစ်တွင် ၂,၀၇၂ ဦးအထိ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်မှ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်ခံရသူများကို စစ်အာဏာရှင်တပ်က အဓမ္မ စစ်မှုထမ်း စုဆောင်းမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့် ကော့သောင်းဒေသခံများထံမှ သိရသည်။







