တူရကီဘောလုံးလောကမှာ သမိုင်းဝင် မှတ်တိုင်သစ်တစ်ခု ရေးထိုးလိုက်ပါပြီ။
ဒါကတော့ တူရကီကလပ် တာဂတ်လူစပေါ အသင်းက အမျိုးသားအသင်းနည်းပြချုပ်အဖြစ် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ဘောလုံးသမားဟောင်း ဇေးနက်ပ် မက်စ်တန် ကို ရဲရဲဝံ့ဝံ့ ခန့်အပ်လိုက်တာပါပဲ။
အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ဘောလုံးသမားဟောင်း ဇေးနက်ပ် မက်စ်တန် ဟာ အမျိုးသားအသင်းကြီးကို ဦးဆောင်ခွင့်ရတဲ့ အသက်အငယ်ဆုံး အမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို သူမရဲ့ရုပ်ရည်ချောမောမှုကြောင့်လည်း လူစိတ်ဝင်စားမှုက အရမ်းပဲ မြင့်တက်နေပါတယ်။
တာဂတ်လူစပေါ ကလပ်အသင်းက သူတို့ရဲ့ Instagram ကနေပြီး “အသင်းအနေနဲ့ ရာသီသစ်အတွက် ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ နည်းပြတစ်ယောက်ကို ခန့်အပ်နိုင်ခဲ့ပါပြီ။ ဇေးနက်ပ် မက်စ်တန် ဟာ အသင်းကို တရားဝင် တာဝန်ယူတော့မှာပါ။ အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အသစ်တွေကို ဦးဆောင်မယ့် ဇေးနက်ပ် မက်စ်တန် ကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ၊ ကလပ်အသင်းနဲ့ မိသားစုဝင်တွေအားလုံးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြထားပါတယ်။
အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ဇေးနက်ပ် မက်စ်တန် ဟာ ရုပ်ရည်ချောမောသူတစ်ယောက်ဖြစ်သလို Instagram မှာ Follower ပေါင်း ၂၁,၃၀၀ ကျော်အထိ ပိုင်ဆိုင်ထားပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်တုန်းက Karsiyaka BES Spor အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး တူရကီနိုင်ငံက အစ်ဇ်မီးယားနဲ့ မာနီဆာ ဒေသတွေမှာရှိတဲ့ အမျိုးသမီးကလပ်အသင်းပေါင်းများစွာမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်တုန်းက Bornova Genc Yildizlar Spor အသင်းအတွက် နောက်ဆုံး ကစားပေးခဲ့အပြီးမှာတော့ ဇေးနက်ပ် မက်စ်တန် က ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။
ဇေးနက်ပ် မက်စ်တန် သူမရဲ့ ၂၂ နှစ်ပြည့် မွေးနေ့ကို ကျင်းပပြီးတဲ့နောက် သီတင်းပတ်ခြောက်ပတ်အကြာမှာတင်ပဲ အခုလို ကြီးမားတဲ့ တာဝန်ကြီးကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
တာဂတ်လူစပေါအသင်းဟာ ပြီးခဲ့တဲ့ Bolgesel Amator Lig ရာသီမှာ အဆင့် ၁၀ နေရာနဲ့ ရာသီသိမ်းခဲ့ပြီးတဲ့နောက် တူရကီဘောလုံးလောကရဲ့ဆဌမတန်းဆီ တန်းဆင်းခဲ့ရပါတယ်။ ဒါဟာ ၂၀၂၄-၂၅ ရာသီတုန်းက TFF 3. Lig စတုတ္ထအဆင့် မှာ အဆင့် ၁၆ နဲ့ ရပ်တည်ခဲ့ရပြီးနောက် ၂ နှစ်အတွင်းမှာတင်ပဲ တာဂတ်လူစပေါအသင်းက ဒုတိယအကြိမ်မြောက် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်လောက်တုန်းက တူရကီဒုတိယတန်းအထိ ရောက်ရှိခဲ့ဖူးတဲ့ တာဂတ်လူစပေါအသင်းဟာ အခုတော့ Manisa Super Amateur League မှာ ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ကစားရတော့မှာပါ။
နည်းပြသစ် ဇေးနက်ပ် မက်စ်တန် ကတော့ သူ့လက်အောက်မှာ သမိုင်းသစ် ရေးထိုးမယ့် တာဂတ်လူစပေါအသင်း ပြန်လည်တိုးတက်လာရစေ့မယ်လို့ ကတိပြုထားပြီး လာမယ့်အောက်တိုဘာလကိုရောက်ရင် တာဂတ်လူစပေါအသင်းရဲ့ရာသီသစ်ပွဲတွေကို ဇေးနက်ပ် မက်စ်တန် က နည်းပြအဖြစ် စတင်ဦးဆောင်တော့မှာပဲဖြစ်ပါတယ်။







