ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်-ထားဝယ် ကားလမ်းတွင် ငွေကြေးတောင်းခံမှုများသဖြင့် ကုန်ကားများ အခက်အခဲဖြစ်

September 12, 2026

ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုကားလမ်းတစ်လျှောက် ကုန်ကားများကို ငွေကြေးတောင်းယူမှုများ သဖြင့် အခက်အခဲဖြစ်ကြောင်း ကုန်ကားသမားအချို့နှင့် ကုန်ကားပိုင်ရှင်အချို့က ပြောသည်။

လမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်နှင့် KNU ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ဂိတ် စုစုပေါင်း ၈၀ ကျော်ရှိသည်။ လမ်းတစ်လျှောက် နှစ်ဖက်စလုံးကို ငွေကြေးပေးဆောင်ရကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ ဂိတ်များတွင် ဂိတ်ကြေး ကျပ်တစ်ထောင်မှ ကျပ်သိန်းဆယ်ချီအထိ ပေးရကြောင်း ကုန်ကားသမားအချို့နှင့် ဒေသခံအချို့က ပြောဆိုသည်။

စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များသည် ငွေကြေးတစ်စုံတစ်ရာ မပေးရဟု စာကပ်ထားသော်လည်း မြေပြင်တွင်မူ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းယူနေကြောင်း ကုန်ကားသမားအချို့နှင့် ကုန်ကားပိုင်ရှင်အချို့က ပြောသည်။

“စစ်တပ်ဂိတ်တွေက စာရွက်စာတမ်း မစုံတော့လည်း မစုံလို့၊ စုံတော့လည်း စုံလို့ အကြောင်းအမျိုးမျိုးပြပြီး ရစ်တာပဲ။ ငွေပေးလိုက်မှပဲ ဖြောင့်ဖြောင့်ဖြူးဖြူး သွားလို့ရတယ်” ဟု ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

လမ်းတစ်လျှောက် ဂိတ် ၈၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ စစ်အာဏာရှင်တပ်နှင့် လက်အောက်ခံများ၏ ဂိတ်များဖြစ်သည်။

KNU လက်အောက်ခံတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဂိတ်အချို့တွင်လည်း ငွေကြေးတောင်းခံမှု ပမာဏများသဖြင့် အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်း ကုန်ကားသမားအချို့နှင့် ကုန်ကားပိုင်ရှင်အချို့က ဆိုသည်။

အချို့ဂိတ်များတွင် စေတနာအလျောက်သာ ပေး၍ရသော်လည်း သရက်ချောင်းမြို့နယ်ထဲက တော်လှန်ရေးဂိတ်တစ်ခု ဆိုလျှင် ကျပ်သိန်းဆယ်ချီ တောင်းယူကြောင်း ကုန်ကားပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

ကြက်စာ ကုန်ချိန်ကီလို ခုနစ်ထောင် တင်ဆောင်လာသည်ကို ယင်းဂိတ်တစ်ခုတည်းတွင် ငွေကျပ် ၁၄ သိန်းအထိ ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

အခြား ဂိတ်တစ်ခုဆိုလျှင် ငွေကြေး တောင်းသည့်အတိုင်းမပေးလျှင် ကားသော့သိမ်းဆည်းသည်အထိ လုပ်ဆောင်ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်က ကွမ်းသီးအနု ဝယ်နေသည့် အဝယ်တော်တစ်ဦးကလည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် ကွမ်းသီးအနု တစ်ပိဿာလျှင် ငွေကျပ် နှစ်ရာတောင်းသဖြင့် တစ်ကြိမ်လျှင် ကျပ်သိန်းချီပေးရကြောင်း ဆိုသည်။

“မပေးရင် မသွားနဲ့ မဖြတ်ခိုင်းဘူး။ ပြန်ပြောလို့လည်း မရ ငြိမ်ခံနေရတယ်” ဟု ၎င်းက ပြောသည်။

သစ်၊ သံ၊ ဘိလပ်မြေစသည့် အိမ်ဆောက်ပစ္စည်းတင်ဆောင်လာသည့် ကုန်တင်ကားတွင် ကုန်တန်ဖိုးအပေါ်မူတည်ပြီး ကျပ်သိန်းရာဂဏန်းအထိ တောင်းယူမှုလည်းရှိကြောင်း သရက်ချောင်း ဒေသခံ အမျိုးသမီးက ပြောဆိုသည်။

“ကားတွေမှာ သူတို့တောင်းတဲ့ ငွေပမာဏကို ဖြတ်သွားဖြတ်လာ ဒေသခံတွေကြားနေ မြင်နေတာပဲ။ ပင်ရင်းမှာ ကြက်သွန်နီတစ်ပိဿာ (ကျပ်) ၁၀၀၀ ဆို လမ်းမှာ ဂိတ်တွေကို အဆင့်ဆင့်ပေးရတဲ့ ဂိတ်ကြေးကြောင့် ကျွန်မဆီကို ရောက်လာချိန် တစ်ပိဿာ (ကျပ်) ၇၀၀၀ ဖြစ်ပြီ။ နောက်ဆုံး ခံရတာက ပြည်သူတွေပဲ” ဟု ၎င်းက ပြောသည်။

ယင်းသို့ နှစ်ဖက်တပ်များကို လမ်းတစ်လျှောက်ငွေကြေးပေးဆောင်ရသဖြင့် ကုန်ကျစရိတ် မြင့်မားကာ ကုန်ပစ္စည်းများ စျေးတက်ကြောင်း ကုန်ကားလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံများထံမှ သိရသည်။