“ဘာသာမဲ့ချင် မဲ့လို့ရတယ်…ဒါပေမဲ့” ဆိုသည့် အမည်ဖြင့် အတွေးအမြင်ဆောင်းပါးပြိုင်ပွဲ ဆုပေးပွဲကို စက်တင်ဘာလ ၁၂ ရက် (ယနေ့)နံနက်က ထိုင်းနိုင်ငံ မဲဆောက်မြို့၊ သွေးသစ် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆောင်းပါး သို့မဟုတ် စကားပြေပြိုင်ပွဲကို မဲဆောက်ရောက် ဘာသာပေါင်းစုံ မြန်မာရွေ့ပြောင်းကျောင်းသား/သူ ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
လူငယ်များအနေဖြင့် လွတ်လပ်စွာဆင်ခြင်သုံးသပ်နိုင်ရန်နှင့် လူ့ဘဝအတွက်အကျိုးရှိသော ဓမ္မတရားများ၏ တန်ဖိုးကို ပြန်လည်ဆင်ခြင်နိုင်စေရန်နှင့် လောကဓမ္မ ကောင်းကျိုးများ ဖြစ်ထွန်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရေးဖြေ ဖြေဆိုခြင်း၊ လူတွေ့ဖြေဆိုခြင်း၊ လူတွေအကဲဖြတ်စစ်ဆေးခြင်း စသည့် အဆင့်လိုက် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ၌ ပ/ဒု/တ . . ၁၀ ဆု၊ နှစ်သိမ့်ဆု ၁၃ ဆုနှင့် အသက်အငယ်ဆုံးပြိုင်ပွဲဝင်သူ ၂ ဦးအား အထူးဆုများအဖြစ် စုစုပေါင်း ၂၅ ဆုချီးမြှင့်ခဲ့ပြီး ပထမဆုအဖြစ် ဘတ် ၁၅၀၀၀၊ ဒုတိယဆု ဘတ် ၁၀၀၀၀၊ တတိယဆု ဘတ် ၈၀၀၀ ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲကို ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဦးစီးဆောင်ရွက်ပြီး ဆုချီးမြှင့်ခဲ့သည်။
ယင်းဆုပေးပွဲကို ဆရာတော်မင်းသုည၊ ရွှေဝါရောင်မှော်ဘီဆရာတော်၊ ကဗျာဆရာလွှမ်းဏီ တို့လည်း တက်ရောက်ခဲ့ကြသည်။

















