ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့၊ မူစီဒေသတွင် ပုလောဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။
ပုလောမြို့နယ်၊ ရှပ်ပုံရွာဇာတိဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မနှင်းမာစိုးသည် မဟာချိုင်ဒေသရှိ ချည်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ၎င်းနေထိုင်သည့် အခန်း၌ပင် ကြိုးဆွဲချသေဆုံး နေခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ဆိုသည်။ သေဆုံးချိန်တွင် ၎င်း၌ ကိုယ်ဝန် လေးလခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“သူ မသေခင်နေ့က နေ့တစ်ဝက် အလုပ်ဆင်းသေးတယ်။ ထမင်းစား ပြန်သွားတဲ့အချိန်မှာ လုပ်လိုက်တာ ဖြစ်မယ်။ ညရောက်မှ အဆောင်ကလူတွေရော မိသားစုဝင်တွေပါ သိကြတာပါ” ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။
မနှင်းမာစိုးတွင် မဟာချိုင်၌ မိသားစုဝင်အချို့ ရှိသော်လည်း အတူနေထိုင်ခြင်း မရှိကြောင်း၊ အမျိုးသားဖြစ်သူနှင့် အတူနေထိုင်ကြောင်း မိတ်ဆွေအချို့က ဆိုသည်။
ကြိုးဆွဲချသေဆုံးရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။
သေဆုံးသူ၏ ရုပ်အလောင်းကို မဟာချိုင်ဒေသရှိ ဝပ်ထစ်ဘုန်းကြီးကျောင်းတွင် ထားရှိပြီး ယနေ့ စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိတ်ဆွေများထံမှ သိရသည်။







