တနင်္သာရီကမ်းရိုးတန်း ရေကြောင်းခရီးဖြစ်သည့် ထားဝယ်-မြိတ်-ကော့သောင်းသွား အမြန်ရေယာဉ်(စပိဘုတ်)များ စက်တင်ဘာလ ၁၃ ရက်နေ့(မနက်ဖြန်)မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း စပိဘုတ်ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်က မြိတ်မြို့မှ ထားဝယ်မြို့သို့ ခရီးသည် ၁၉ ဦး တင်ဆောင်လာသည့် စပိဘုတ်တစ်စီး ထားဝယ်မြစ်ဝ မီးပြကျွန်းအနီး ပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။
ယင်းသို့ ဖြစ်ပွားခဲ့ပြီးနောက် တနင်္သာရီတိုင်း စစ်အုပ်စု၏ ညွှန်ကြားချက်အရ မြိတ်ခရိုင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက်ဟုဆိုကာ ဩဂုတ်လ ၂၂ ရက်မှစတင်၍ ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်ပြေးဆွဲမှုကို ယာယီရပ်နားစေခဲ့ပြီး ရေကြောင်းသွားလာမှု စောင့်ကြည့်ရေး AIS စနစ်နှင့် GPS စနစ်များ မဖြစ်မနေ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
“အဓိက စစ်တာက မြိတ်ရေကြောင်းက စစ်တယ်ပေါ့နော်။ AIS စနစ် တပ်ဆင်ထားမှု ရှိ၊ မရှိ၊ ခရီးသည်တွေအတွက် အသက်ကယ်အင်္ကျီ ထားရှိမှု ရှိ၊ မရှိနဲ့ စပိဘုတ်ကိုယ်ထည်တွေ ခိုင်ခံ့မှု ရှိ၊ မရှိ ဒါတွေကို အဓိက စစ်ဆေးတာပါ” ဟု ကမ်းရိုးတန်းသွား စပိဘုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြိတ်ခရိုင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးမှု ခံယူပြီးသည့် စပိဘုတ်များအနက် ‘ပုလဲရွှေ’ စပိဘုတ်ခရီးသွားလုပ်ငန်းမှ ပုလဲရွှေ အမှတ် (၁) နှင့် (၂) ရေယာဉ်နှစ်စီးသာ စစ်ဆေးမှု အောင်မြင်သေးပြီး ကျန်စပိဘုတ်များကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
ရေကြောင်းသွားလာရေးဆိုင်ရာ စောင့်ကြည့်ရေးစနစ် AIS (Automatic Identification System) ဆိုသည်မှာ ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည့် ရေယာဉ်များမှ VHF ရေဒီယိုလိုင်းနှင့် GPS နည်းပညာဖြင့် သင်္ဘောတည်နေရာနှင့် အမြန်နှုန်းတို့ကို သက်ဆိုင်ရာ ကမ်းခြေအခြေစိုက်စခန်းများသို့ အလိုအလျောက် ပေးပို့သည့် စနစ်တစ်ခုဖြစ်သည်။
အဆိုပါ AIS စနစ် တပ်ဆင်ရာတွင် စပိဘုတ်တစ်စီးလျှင် ငွေကျပ် သိန်း ၅၀ ထက်မနည်း ကုန်ကျစရိတ် ရှိသော်လည်း ယင်းကြောင့် ခရီးသည်လက်မှတ်ခများ ပြောင်းလဲတိုးမြှင့်မည် မဟုတ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ သို့သော် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာပါက လက်မှတ်ခများ မြင့်တက်လာနိုင်ဖွယ် ရှိသည်။
လက်ရှိ သတ်မှတ်ထားသည့် စပိဘုတ်လက်မှတ်ခများမှာ ထားဝယ်-မြိတ် ခရီးစဉ်အတွက် လူတစ်ဦးလျှင် ၂၅၀,၀၀၀ ကျပ်နှင့် ထားဝယ်-ကော့သောင်း ခရီးစဉ်အတွက် ၃၅၀,၀၀၀ ကျပ် ဖြစ်သည်။
ရက်ပေါင်း ၂၀ ကျော်ကြာ ယာယီရပ်နားထားခဲ့ရသည့် အဆိုပါ တနင်္သာရီကမ်းရိုးတန်း စပိဘုတ်ခရီးစဉ်ကို စက်တင်ဘာလ ၁၃ ရက်တွင် မြိတ်-ထားဝယ် ခရီးစဉ်အဖြစ်လည်းကောင်း၊ စက်တင်ဘာလ ၁၄ ရက်တွင် ထားဝယ်-မြိတ် ခရီးစဉ်အဖြစ်လည်းကောင်း ပုလဲရွှေစပိဘုတ်ဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။







