မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုဒုံမြို့ကြား တာပသွန်ကျေးရွာအနီး၊ မော်လမြိုင်-မုဒုံကားလမ်းပိုင်းတွင် စက်တင်ဘာလ ၁၁ ရက်က ခရီးသွားကားများ ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက မော်လမြိုင်ဘက်မှ မုဒုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကား တစ်စီးနှင့် အိမ်စီးကား နှစ်စီးတို့ကို တာပသွန်ကျေးရွာ သစ်တောပျိုးဥယျာဉ်အနီးအရောက်တွင် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက ကားကို ရပ်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုနောက် လက်နက်ကိုင်ဆောင်ထားသူ ခြောက်ဦးက ကားပေါ် လိုက်ပါလာသူများကို သေနတ်ဖြင့် ချိန်ပြီး ရွှေ၊ ငွေ၊ ဖုန်းများ ထုတ်ခိုင်းခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။
“ကားကို တားလိုက်တော့ ကားကလည်း ရပ်တယ်။ ကားရပ်သွားတဲ့အချိန်မှာ ကားပေါ် ပါလာတဲ့ လူတွေကို သေနတ်နဲ့ ချိန်ပြီး ပါလာတဲ့ ရွှေ၊ ငွေ၊ ဖုန်းတွေကို ထုတ်ခိုင်းတာ။ ဖြစ်သွားတဲ့နေရာက လူပြတ်၊ ကားပြတ်တဲ့နေရာ မဟုတ်ဘူး။ လူမြင်ကွင်းမှာပဲ” ဟု ၎င်းက ပြောဆိုသည်။
ခရီးသွားကား ဓားပြတိုက်ခံရမှုအတွင်း တန်ဖိုး မည်မျှပါသွားသည်ကို အတိအကျ မသိနိုင်သော်လည်း သိန်းရာဂဏန်း ရှိနိုင်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။
မော်လမြိုင်နှင့် မုဒုံကြားတွင် စစ်အာဏာရှင် တပ်ရင်း၊ တပ်စခန်းများ တည်ရှိသည့်အပြင် စစ်ဆေးရေးဂိတ်များလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။
“အရင်က ဓားပြတိုက်တယ်ဆိုတာ တောဘက် ရွာတွေဘက်မှာပဲ ကြားရတယ်။ အခုက မြို့ပေါ် မြို့နဲ့ မဝေးတဲ့နေရာတွေမှာ ဓားပြတိုက်ခံရတယ်။ ဘယ်မှာ သွားနေရမလဲ။ အိမ်မှာနေလည်း မလုံခြုံဘူး။ သွားတာ လာတာလည်း မလုံခြုံတော့ဘူး” ဟု မုဒုံဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင်တပ် ထိန်းချုပ်ထားသည့် မော်လမြိုင်မြို့နှင့် အနီးဝန်းကျင်တွင် ခိုးမှု၊ လုယက်မှု၊ ပစ္စည်းလု လူသတ်မှု၊ အနုကြမ်းစီးမှုအပြင် ဓားပြတိုက်သည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မော်လမြိုင်မြို့လယ်ခေါင်ရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်နေအိမ် ဓားပြတိုက် ခံခဲ့ရသေးသည်။







