ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မျှော်လင့်ခြင်း ထောင်ဗူး၀

July 25, 2026

စစ်ကြောရေးမှအပြန် – အပိုင်း (၅ – နိဂုံး)

စစ်ထောက်လှမ်းရေးအဖွဲ့ဆီကနေ ကျွန်တော့်အမှုတွဲကို တရားစွဲဆိုမယ့်ရဲအရာရှိဆီလွှဲ ပြောင်းပေးအပ်တဲ့ အဲဒီအခမ်းအနားဟာ တစ်နာရီသာသာပဲ ကြာခဲ့ပါတယ်။

နောက်တော့ စစ်ထောက်လှမ်းရေးအရာရှိတစ်ယောက်မောင်းတဲ့ကားနောက်ခန်းထဲ ကျွန်တော့်ကိုတွန်းထိုး သွင်းလိုက်ပါတယ်။ ကားမှန်ပြတင်းပေါက်နဲ့ကပ်ပြီး ကျွန်တော့်တစ်ဖက်တစ်ချက်စီမှာ ၀တ်စုံပြည့်၀တ်ပြီး လက်နက်ကိုင်ထားတဲ့ ရဲ၀န်ထမ်းနှစ်ယောက်က ညှပ်ထိုင်ပါတယ်။ သူတို့မျက်နှာတွေကို အ၀တ်နက်တွေနဲ့စည်းထားလို့ ဘယ်သူဘယ်၀ါတွေမှန်းမသိ။ ရဲစခန်းရောက်တဲ့အထိ သူတို့စကားတစ်ခွန်းမှမပြောကြ။ နောက်မှသိရတာက အဲဒီရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး။ နောက်ပိုင်းကျွန်တော့်ကို ထောင်ကိုမပို့ခင် နောက်ထပ်ရဲစခန်းတစ်ခုကို ထပ်ပြောင်းပါသေးတယ်။

စစ်ကြောရေးမှာလိုပဲ လက်ထိတ်ခတ်ထားပြီး ခြေထောက်တွေကိုထိပ်တုံးထဲပြန်ထည့်ပါတယ်။ ဆိုးတာက ဒီခရိုင်ရဲစခန်းက ထိတ်တုံးက စစ်ထောက်လှမ်းရေးတွေရဲ့ထိတ်တုံးလောက် မနူးညံ့၊ မသိမ်မွေ့။ ကြုံတိုင်းရွာကဖိုးစိတ်တိုသူကြီးဘစီရဲ့ထိတ်တုံးအရသာဘယ်လိုနေမှန်းမသိပေမယ့် ဒီရဲစခန်းက ထိတ်တုံးကတော့ စစ်ထောက်လှမ်းရေးရဲ့ထိတ်တုံးထက် အပြန်တစ်ရာဆိုးပါတယ်။

သစ်သားတွေကို ရွှေပေါ်တိုက်မထားတော့ ခြေကျင်း၀တ်နှစ်ဖက်ဟာ လွှသွားတွေနဲ့ဖြတ်နေသလို ဆိုးရွားတဲ့ဒဏ်ကိုခံရပါတယ်။ နောက်တစ်ခုက သူတို့ထိတ်တုံးရဲ့အောက်ခံသစ်သားချောင်းက အရမ်းမြင့်နေတာပါ။ ဆင်းထားတဲ့ခြေထောက်နှစ်ချောင်းက အပေါ်ကိုထောင်တက်နေသလို ဖြစ်နေတော့ တော်တော်လေးနေရခက်ပါတယ်။

အဆိုးထဲက အကောင်းတစ်ခုက ညစာ ထမင်းကောင်းကောင်းစားရတာပါပဲ။ ငါးရဲ့ဟင်းတစ်ခွက်ရဲ့ ဒိုင်ယာရီနဲ့ ၀မ်းမီးကိုနိဂုံးချုပ်ပြီးကတည်းက ဒီစခန်းက ရဲသားတစ်ယောက်ယူလာပေးတဲ့ တစ်ခါသုံးဖော့ဘူးနဲ့ထည့်ထားတဲ့ ထမင်းဖြူနဲ့၀က်သားဟင်းဟာ နတ်သုဓာ။ ရေသန့်ဘူးအသစ်တွေပါ ပေးလို့ ၀မ်းသာရသေးတယ်။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေ။

အဲ . . လက်ထိတ်ကြီးတန်းလန်းနဲ့စားလို့ပြီးလို့မှ ထမင်းလုံးတောင်မစီရသေး ခေါ်တော်မူပါပြီ။ ထိတ်တုံးထဲက ခြေထောက်တွေ ထုတ်ခွင့်ရလိုက်လို့ အရမ်းလွတ်လပ်ပေါ့ပါးသွားသလိုခံစားရပါတယ်။ အချုပ်ခန်းနဲ့ ရဲမှူးရုံးခန်းကြားကလျှောက်လမ်းကလေးက ခပ်မှောင်မှောင်ရယ်ပါ။ ရွက်ကြိုရွက်ကြားက ထိုးဖောက်ကျလာနေနဲ့ ကြယ်ကလေးတွေနဲ့ အလင်းရောင်ကိုမြင်ရခြင်းကိုက မင်္ဂလာတစ်ပါး။ ညလေညင်းနုနုကြောင့် ချစ်သူကိုလွမ်းရသေးတယ်။ အခုလောက်ဆို မိသားစုတွေ၊ ကိုယ့်ကိုချစ်တဲ့ခင်တဲ့ သူတွေဘယ်လောက်များစိတ်ပူနေရှာကြလိမ့်မလဲ။

စိတ်ကူးကလေးမဆုံးခင်ဘဲ စားပွဲထိပ်မှာမျက်နှာထားခပ်တည်တည်နဲ့ ထိုင်နေတဲ့ရဲမှူးရဲ့အကြည့်ကြောင့် ခေတ္တပျောက်နေတဲ့ ထိတ်လန့်စိတ်ကဖျတ်ကနဲ၀င်လာပြန်တယ်။ ဒီမှာ ငိုအားထက်ရီအားသန်ဆိုသလို တစ်ခုကြုံရသေးတယ်။ ရဲမှူးက စားပွဲထိပ်က ကုလားထိုင်မှာမိန့်မိန့်ကြီးထိုင်နေတော့ ကျွန်တော်လည်း ခပ်တည်တည်နဲ့ သူ့မျက်စောင်းထိုးမှာရှိနေတဲ့ ကုလားထိုင်တစ်ခုမှာ ထိုင်ခိုင်းမယ်အထင်နဲ့ ထိုင်ခုံနားကိုတိုးရပ်မိတယ်။ “ထိုင်” လို့ သူ့နှုတ်က မပြောသေးတော့ ထိုင်တော့မထိုင်သေး။ အဲဒီမှာ စောစောက အချုပ်ခန်းတံခါးဖွင့်ပြီးလာခေါ်တဲ့ ထမင်းရှင်ရဲသားက “ငါလိုးမသား၊ ဘယ်မှာထိုင်မလို့လုပ်နေတာလဲ၊ ဒီမှာလာထိုင်” ဆိုပြီး သူ့ခြေထောက်နားက သံမံတလင်းကို လက်ညှိုးနဲ့ထိုးပြပါတယ်။ သူ့မျက်နှာကလည်း အရမ်းကိုခက်ထန်လာတယ်။ အရပ် ၆ ပေနီးပါးလောက် ရှိပေမယ့် သူ့ရဲ့စူထွက်လွန်းနေတဲ့ဗိုက်၊ ညိုညစ်လွန်းတဲ့မျက်နှာနဲ့ အရောင်အဆင်းမရှိတဲ့ ဒူးကျွံဘောင်းဘီရယ် ခပ်ညစ်ညစ် တီရှပ်ရယ်ကြောင့် ကျက်သရေမင်္ဂလာမရှိသလိုခံစားရတယ်။ ပိုဆိုးတာက သူ့လက်ထဲကို ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ နံပါတ်တုတ်တစ်ချောင်း။ ပါးစပ်ကလည်း အယုတ္တအနတ္တတွေဆဲဆိုပြီး လူကိုရိုက်တော့မယ့်ဟန်နဲ့ တုတ်ကြီးတမြှောက်မြှောက် လုပ်နေတဲ့သူ့ဟန်ကြီးကို အခုထိမျက်စိထဲကမထွက်ပါ။

အနှီရဲသားနဲ့ကျွန်တော့်ကြား ဆက်ဆံရေးမုန်တိုင်းထန်နေသော်ြငား စားပွဲထိပ်မှာထိုင်နေတဲ့ တရားစွဲ အရာရှိကတော့ ခပ်မဆိတ်။ မျက်လုံးတောင်လှန်မကြည့်။ သူ့ဖုန်းထဲမှာ ဘာတွေဖတ်နေမှန်းမသိ။

စစ်ဆေးရေးဂိတ်မှာအဖမ်းခံရကတည်းကအခုထိပါလာသေးတဲ့ ကျွန်တော့်ဖိနပ်ကလေးကို သံမံတလင်းပေါ်ချွတ်ပြီးဖင်ခုထိုင်လိုက်ချိန်မှာ သိမ်ငယ်စိတ်ဟာ ငယ်ထိပ်ကိုတက်ဆောင့်နေပါပြီ။ “ခေါင်းငုံ့ထား ဟေ့ကောင်”ဆိုပြီး ရဲသားတစ်ဖြစ်လည်း ငရဲသားအသွင် တုတ်သခင်က ကျောကုန်းကို တဘုန်းဘုန်းရိုက်ပြီး သတိပေးလို့ ခေါင်းကို မဖေါ်ရဲတော့။ ကျွန်တော့ ဘယ်ဘက်ဘေး၊ ရဲအရာရှိတဲ့ ကျွန်တော့်အကြား ရပ်နေတဲ့ ငရဲသားရဲ့ခြေထောက်တွေဟာ ဖောရောင်နေတယ်လို့ယူဆရပါတယ်။ သူ့ခြေဖမိုးတွေမှာ ချေး(ဂျီး) တွေ လက်သေးသစ်မက။ သူ ရေမချိုးတာ ဒါမှမဟုတ် သူ့ခြေထောက်ကို သူဂရုမစိုက်နိုင်တာ ဘယ်လောက်တောင်မှကြာခဲ့လေပြီလဲ။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ရော သူ့ခမျာ အချိန်မှ ရပါလေစ။

ကျွန်တော်လုံး၀သည်းမခံနိုင်တာက သူ့ခြေသည်းတွေပါ။ သူ့အသားအရေက ဖြူတယ်လို့ဆိုလို့ မရပေမယ့်လည်း မည်းတာမျိုးတော့လည်းမဟုတ်။ ဒါပေမယ့်သူ့ခြေသည်း ၁၀ ခုစလုံးကတော့ ကျွန်တော်မြင်ခဲ့ဖူးသမျှခြေသည်းတွေထဲမှာ အညစ်ပတ်ဆုံးလို့ပြောရပါလိမ့်မယ်။ ရှည်ထွက်နေတာကိုအတိုင်းအတာတစ်ခုအထိသည်းခံလို့ရသေးပေမယ့် ခြေသည်းကြားက မည်းညစ်နေတဲ့ ချေး(ဂျီး) တွေကိုတော့ ဘယ်လိုမှသည်းမခံသာ။

ကျွန်တော်အော်ဂလီဆန်လာလို့ မျက်နှာလွှဲလိုက်တာ ခေါင်းမော့သလိုဖြစ်သွားတော့ သူ့တုတ်ဖျားနဲ့ ကျွန်တော့်ခေါင်းပေါ်ကိုဖိပြီးထောက်ထားလိုက်တယ်။

“မေးလေ” ဆိုပြီး ရဲအရာရှိဆီက သံမှန်တစ်ခုထွက်လာတယ်။ သူ့တပည့်ကျော်ကိုအမိန့်ပေးတာ။ မျက်လုံးကိုတော့ဖုန်းကနေမခွာသေး။

“အဘပဲ မေးလိုက်ပါ” ဆိုတဲ့ ငရဲသားရဲသား ရဲ့ စကားကို သူ့ဆရာက သိပ်ဘ၀င်မကျချင်လှ။

နောက်တော့ သူ့ရှေ့စားပွဲပေါ်မှာချထားတဲ့ စာရွက်တစ်ထပ်ကိုလှမ်းကိုင်ပါတယ်။ ကျွန်တော့်ကိုယ်ရေးရာဇ၀င်နဲ့ စွပ်စွဲထားတဲ့အမှုတွေ။ ထောက်လှမ်းရေးဆရာတွေဆီကရလာတဲ့ အချက်အလက်တွေကိုပဲ သူ့ရုံးပုံစံနဲ့ပြန်ရေးထားတာတွေပါ။ အတိုချုံးပြောရရင်ထောက်လှမ်းရေး ဆရာနဲ့ ကဗျာဆရာပါးကွက်သားဇာတ်လမ်းလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း သူတို့လံကြုတ်ဇာတ်လမ်းကို ကျွန်တော့်ကို ၀န်ခံလက်မှတ်ထိုးခိုင်းတာပါပဲ။

ကဗျာဆရာပါးကွက်သားလို ညလုံးပေါက်လက်စွမ်းပြမနေတာလေးတစ်ခုတော့ ဒီဌာနက (ကျွန်တော်အတွက်) ပိုသာတယ်လို့ပြောရမယ်။

ဒီလိုနဲ့စစ်ကြောရေးလက်တွေ့သင်ခန်းစာအဆုံးသတ်ပြီး နောက်တစ်နေ့မှာ အခြားရဲစခန်းတစ်ခုကို လွှဲအပ်လိုက်ပါတယ်။ နောင်ကြုံရင်တော့ ထောင်ဗူး၀နဲ့မိတ်မဆက်ခင် အဲဒီရဲစခန်းအချုပ်မှာ နေခဲ့ရတဲ့အကြောင်းတွေကို ဖောက်သည်ချပါဦးမယ်။ ရင်ခုန်စရာလေးတွေရှိလို့ပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးကိုရောက်တဲ့အုပ်စု သုံးစုရှိတယ်လို့အကြမ်းပြင်း ပြောရင်ရပါမယ်။

အုပ်စု ၁ က စစ်ကြောရေး ရယ်မယ်မယ်ရရ မဟုတ်ဘဲ ရဲစခန်းမှာ ဟိုမေးဒီမေးလောက်နဲ့ ပြီးတဲ့အုပ်စုပါ။ စစ်အာဏာသိမ်းလို့အဖမ်းခံရတဲ့အထဲမှာ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအရ အသက်သာဆုံးအုပ်စုပါ။

ကျွန်တော်သိတဲ့ဒီအုပ်စု၀င်အများစုက နိုင်ငံရေးတွေဘာတွေ သိပ်စိတ်မ၀င်စားပေမယ့်၊ တချို့ လမ်းပေါ်ထွက်ပြီး လက်သုံးချောင်းတောင်မှ တစ်ခါမှမထောင်ခဲ့ဖူးပေမယ့် နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ကိစ္စရပ်တစ်ခုခုမှာ ကိုယ်တိုင်မသိလိုက်ဘဲ၊ ရည်ရွယ်ချက်လည်းမရှိဘဲ ပါ၀င်ပတ်သက်မိသွားသူတွေပါ ပါတယ်။ ဥပမာ Wave Money နဲ့ Kpay ဆိုင်သမားတွေပါ။ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖွဲ့၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖွဲ့က တစ်စုံတစ်ဦး၊ ဒါမှမဟုတ် အဲဒီလိုမျိုး တော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ အကောင့်တစ်ခုခုကို အလုပ်သဘောအရ ငွေလွှဲပေးမိတာမျိုးပါ။

သူ့စီးပွားရေးလုပ်ငန်းက ငွေလွှဲလုပ်ငန်းဖြစ်တော့ ပုံမှန်အားဖြင့် သူ့ဆိုင်မှာငွေလာလွှဲတဲ့ စားသုံးသူဘယ်သူကိုမဆို ၀န်ဆောင်မှုပေးရမှာက သူ့အလုပ်ဖြစ်ပါတယ်။ ဒါဟာ ဘာမှလည်း မှားယွင်းနေတဲ့ကိစ္စ မဟုတ်ဘူးလို့လည်းနားလည်ပါတယ်။ ဒါပေမယ့် သူ၀န်ဆောင်မှုပေးလိုက်တဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် ငွေလက်ခံတဲ့အကောင့်ဟာ အပေါ်မှာပြောခဲ့သလို တော်လှန်ရေးနဲ့ တစ်နည်းတစ်ဖုံပတ်သက်နေနိုင်ပါတယ်။ ဒါပေမယ့် (များသာအားဖြင့်) ဒါကိုဘယ်သူမှမသိနိုင်ပါဘူး။ အဲဒီလိုနံပါတ် သို့ အကောက်ကိုသာ ၀န်ဆောင်မှုပေးမိရင်တော့ ရဲစခန်းက အနှေးနဲ့အမြန်လာခေါ်တာကို ခံရနိုင်ပါတယ်။

အဲဒီလိုအခေါ်ခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ (၅၀-ည) နဲ့ တရားစွဲခံရလို့ ထောင်ဒဏ် ၁၀ နှစ်အထိကျခံလိုက်ရတဲ့၊ ကျခံနေရဆဲလူတွေ အများကြီးတွေ့ခဲ့ရပါတယ်။

ဒီအုပ်စုထဲမှာ ငွေလွှဲလုပ်ငန်းနဲ့ဆက်စပ်ပြီးနောက်ထပ်ပါတဲ့သူတွေက “Hundi-ဟွန်ဒီ” လို့ အများစုခေါ်ကြ တဲ့ ယုံကြည်မှုအခြေခံငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေပါ။ ဘဏ်စနစ်တွေမထွန်းကားခင်ကတည်းက ဒီလိုပဲ ဟွန်ဒီစနစ်နဲ့ ငွေလွှဲလာခဲ့တာနှစ်ပေါင်းများစွာပါ။ အခုအချိန်အထိလည်း တွင်ကျယ်နေဆဲပါ။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ မလေးရှားလိုနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားအများစုရဲ့ ပြည်တွင်းက မိသားစုတွေဆီ ပြန်ပို့ငွေအများစုကို ဒီ ထိုင်း/မလေး ငွေလွှဲလုပ်ငန်းတွေကနေတစ်ဆင့်ပဲ လွှဲပို့လာခဲ့ကြတာပဲမို့လား။

ဟွန်ဒီငွေလွှဲတွေဟာ များသောအားဖြင့် ဗဟိုဘဏ်ကခွင့်ပြုထားတဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းလိုင်စင် မရှိကြပါဘူး။ တစ်ချို့ မြို့ပေါ်တွေမှာအခြေစိုက်ကြတဲ့၊ လုပ်ငန်းပမာဏကြီးမားတဲ့လုပ်ငန်းရှင်တချို့သာ လိုင်စင်လျှောက်ထားပြီးလုပ်ကိုင်တာကိုတွေ့ရပါတယ်။ ဒါတောင်မှအများစုဟာ “Money Changer – နိုင်ငံခြားငွေလဲ၀န်ဆောင်မှုလုပ်ငန်း” လိုင်စင်လိုမျိုးနဲ့လုပ်ကိုင်ကြတာပါ။ နိုင်ငံတစ်နိုင်ငံကတစ်နိုင်ငံ ငွေကြေးလွှဲပြောင်းတဲ့၀န်ဆောင်မှုအတွက်က လိုင်စင်မရှိကြတာများပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ ငွေလွှဲ၀န်ဆောင်မှုကိုစားသုံးသူအချို့ဟာ အပေါ်မှာပြောခဲ့သလို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖွဲ့ နဲ့ ပတ်သက်ဆက်စပ်နေတယ်၊ ဒါမှမဟုတ် ပတ်သက်ဆက်စပ်နေတယ်လို့ စွပ်စွဲခံလာရရင် ဒီငွေကြေးစီးဆင်းမှုလမ်းကြောင်းတစ်ခုလုံးကို စုံစမ်းဖော်ထုတ်ပြီး အကျိုးဆက်အနေနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူဟာ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မရှိဘဲ ငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ ပိုဆိုးတဲ့အခြေအနေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်မှုရှိပါတယ်ဆိုပြီး ငွေကြေးအမှုအပြင် ပိုမိုကြီးလေးတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့လည်း တရားစွဲဆိုခံရနိုင်ခြေရှိနေပါတယ်။ ရှိလည်းရှိနေပါတယ်။

ဒါက အုပ်စု ၁ မှာ ပါပြီးရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စပ်ခံရမှု မရှိ သို့မဟုတ် အနည်းဆုံးစာရင်းမှာ ပါတဲ့သူတွေပါ။ ဒါပေမယ့် နေရာဒေသနဲ့အကြောင်းကိစ္စအပေါ်မူတည်ပြီး ဒီအုပ်စု၀င်တွေ နှိပ်စက်ခံရတာမျိုးလည်းရှိကောင်းရှိနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒီအုပ်စု၀င်တွေဟာ ရဲစခန်းကနေ အချုပ်ထောင် ဒါမှမဟုတ် ထောင် ကို တန်းသွားရပြီး တရားရုံးမှာ အမှုရင်ဆိုင်တဲ့အဆင့်ကို တန်းရောက်ကြသူတွေပါ။

အုပ်စု ၂ ကတော့ ကျွန်တော့်လို စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးကိုဖြတ်သန်းရသူတွေပါ။ ဒီအုပ်စုမှာလည်း အဖမ်းခံရတဲ့ ကာယကံရှင်တစ်ယောက်စီနဲ့ ဖြစ်စဥ်တွေအပေါ်မှာမူတည်ပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခံရမှု ကြာချိန်နဲ့အတိမ်အနက် ကွာခြားနိုင်ပါတယ်။ တစ်ချို့ တစ်ည/နှစ်ည နဲ့ စစ်ကြောရေးစခန်းသိမ်းနိုင်ပေမယ့် တစ်ချို့ ရက်သတ္တတစ်ပတ်ကနေ အပတ်ပေါင်းများစွာ အထိကြာတဲ့သူတွေလည်းရှိပါတယ်။

အုပ်စု ၃ ကတော့ အဆိုးဆုံးအုပ်စုလို့ပြောရမှာပါ။ အကြောင်းက သူတို့ကို စစ်တပ်က တိုက်ရိုက်ကိုင်တွယ်လို့ပါ။ ဒီအုပ်စုကလူတွေအများစုက စစ်တပ်ကစစ်ကြောင်းထိုးရာမှာ အဖမ်းခံရတဲ့သူတွေများတယ်လို့ဆိုရပါမယ်။ တချို့စစ်ဆေးရေးဂိတ်တစ်ခုခုမှာအဖမ်းခံရလို့ စစ်တပ်စခန်းတစ်ခုခုထဲ ခေါ်ဆောင်ခံသွားရသူတွေလည်းရှိပါတယ်။ ဒီနေရာမှာလည်း စောစောက ပြောခဲ့သလို တစ်ယောက်ဇာတ်လမ်းနဲ့ တစ်ယောက်မတူနိုင်ပါ။ တချို့စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးမှာ စစ်တပ်ရဲ့စစ်ကြောရေးထက်ပိုပြီး အနှိပ်စက်ခံရတဲ့သူတွေလည်းရှိနေပြန်ပါသေးတယ်။

ယေယူယျအားဖြင့်တော့ ဒီအုပ်စု ၃ က လူတွေဟာ ရဲစခန်းကိုတိုက်ရိုက်ရောက်တဲ့အုပ်စုနဲ့ စစ်ထောက်လှမ်းရေးရဲ့စစ်ကြောရေးကိုရောက်တဲ့သူတွေထက် ငရဲခန်းကို အချိန်ပိုကြာကြာ ဖြတ်သန်းကြရတယ်ဆိုတာပဲ။ ဒီနေရာမှာသုံးနှုန်းတဲ့ ငရဲခန်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ အနှိပ်စက်ခံရခြင်း တစ်ခုတည်းထက်ပိုပါမယ်။ မိသားစုနဲ့ရက်ပေါင်းများစွာ၊ တချို့လပေါင်းများစွာကြာတဲ့အထိ အဆက်အသွယ်မရပါဘူး။ အစာရေစာ ကောင်းကောင်းမကျွေးပါဘူး။ ရိုက်နှက်ခံရလို့ ရလာတဲ့ ဒဏ်ရာတွေကို ဆေးကုသမှုမပေးဘဲ ပစ်ထားပါတယ်။ လနဲ့ချီရေမချိုးရ၊ အ၀တ်အစားမလဲရပါဘူး။ ရက်ပေါင်းများစွာ အပေ့ါအလေး မစွန့်ရပါဘူး။

အဆိုးဆုံးက စစ်ကြောရေးက ဘယ်သူက ဘယ်လိုတာ၀န်ယူနေမှန်း မသိတာပါ။ ဘယ်သူတွေလာပြီး ဘာတွေမေးနေမှန်းလည်းမသိရ၊ ဘယ်အချိန်ပြီးသွားမယ်မှန်းလည်းမသိရပါ။ ဒီကြားထဲ လုံခြုံရေးအစောင့်တွေရဲ့မထင်ရင် မထင်သလိုဆဲဆိုတာ၊ နှိပ်စပ်ညှည်းပန်းတာတွေကိုလည်း ခံရပါသေးတယ်။ တချို့ သဘောကောင်းတဲ့ အစောင့် စစ်သားတွေကြောင့် စစ်မေးခံနေရချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ သူတို့တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ပေးကြတာကို ခံရတဲ့သူတွေလည်းရှိပါရဲ့။ ဘာပဲဖြစ်ဖြစ် ဒီအုပ်စု ၃ က လူတွေဟာ အဖမ်းခံရတဲ့အုပ်စုတွေထဲမှာ အဆိုးဆုံးလို့ပဲဆိုချင်ပါတယ်။

ဘယ်လိုအကြောင်းကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် တော်လှန်ရေးမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်ပြီးသော်လည်းကောင်း အဖမ်းခံလိုက်ရပြီဆိုရင်တော့ ထောင်နန်းစံရမှာပဲဖြစ်ပါတယ်။ တချို့အဖမ်းခံရပြီး လုံး၀အစရှာမရတော့လို့ သေဆုံးစာရင်းသွင်းကြရတာကလည်း ဒုနဲ့ဒေး။

တချို့ ငွေကြေးအဆမတန်ပုံပေးလို့၊ အဆက်အသွယ်ကောင်းလို့၊ သက်ဆိုင်ရာဖမ်းဆီးတဲ့အဖွဲ့အစည်းနဲ့ ညှိနှိုင်းတာအဆင်ပြေလို့အဖမ်းခံရပြီးသိပ်မကြာခင် သက်ဆိုင်ရာ ရဲစခန်း၊ ဌာနကနေ လွတ်မြောက်ကြသူ တချို့လည်းရှိပါတယ်။ တချို့လည်း အချုပ်ထောင် ဒါမှမဟုတ် ထောင်ထဲရောက်ပြီး အချုပ်သားဘ၀နဲ့အမှုရင်ဆိုင်နေရင်း အပြီးသတ်အမိန့်ချတဲ့အထိ မရောက်လိုက်ဘဲ အကြောင်းကြောင်း ကြောင့် လွတ်သွားသူတွေလည်းရှိပါရဲ့။

အဖမ်းခံလိုက်ရပြီဆိုရင်တော့ အားလုံးမျှော်လင့်ကြတာက “ထောင်ဗူး၀” ကို မြန်မြန်ရောက်ဖို့ဖြစ်ပါတယ်။ ဒါကလည်း ထောင်ထဲရောက်ပြီးမှ သိလာရတဲ့ ဘ၀အသိပါ။ အချုပ်သားအသစ် ဒါမှမဟုတ် အကျဥ်းသားအသစ်တစ်ယောက်“ထောင်ဗူး၀” ကိုရောက်လာရင် ထောင်ထဲကနေ အော်ဟစ်ကြိုဆိုကြမယ့်သူတွေရှိပါတယ်။ ဘ၀တူ အချုပ်သားတွေ၊ အကျဥ်းသားတွေက သူဦးငါရင် စုပြုံတိုးပြီး ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာအမှုလဲ စပ်စုကြပါမယ်။ အဆင်ပြေလား၊ ကျန်းမာလား၊ မိသားစုနဲ့အဆက်အသွယ်ရလားမေးပါမယ်။ တတ်နိုင်ရင် ကော်ဖီမစ်ထုပ်ကလေး၊ သွားတိုက်ဆေးကလေး၊ မုန့်ပဲသွားရည်စာကလေးတွေစုပေးကြပါမယ်။ ကွမ်းစားတတ်သူဆိုရင် သူတို့ညဗာယာစောင့်ချိန်မှ၀ါးဖို့ ”ဥ” ထားတဲ့ ကွမ်းတစ်ယာကို ထုတ်ပေးပါလိမ့်မယ်။ ၀တ်စရာမရှိရင် ဘောင်းဘီတိုကလေးဖြစ်ဖြစ်၊ စွပ်ကျယ်ကလေးဖြစ်ဖြစ် ရှိသူက မျှကြပါမယ်။

“ထောင်ဗူး၀”က ကျွန်တော့်ကိုပေးတဲ့အကောင်းဆုံးအပျော်ကတော့ “ငါမသေသေးဘူး၊ စစ်ကြောရေးကနေ ငါအသက်ရှင်လျှက်ထွက်လာနိုင်ခဲ့ပြီ”ဆိုတဲ့အသိပါပဲ။

လူအားလုံးတရားလက်လွတ် ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ညှဥ်းဆဲခံရခြင်းအပေါင်းမှ ကင်း၀ေးကြပါစေ။

◼︎ဇာတ