ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထောက်လှမ်းရေး၏စေတနာ

June 21, 2026

စစ်ကြောရေးမှအပြန် – အပိုင်း (၃)

“ခင်ဗျားပိုက်ဆံတွေက အများကြီးပဲဗျ၊ ခင်ဗျားနဲ့ကျွန်တော်နဲ့အတူတူရေကြည့်ကြရအောင်၊ တော်ကြာနေ တစ်ခုခုလွဲသွားရင် ကျွန်တော်လည်း မလျှော်နိုင်ဘူးဗျ၊ ကျွန်တော်တို့က လစာလည်း အဲဒီလောက်များများရတာမဟုတ်ဘူး”

သူက ကျွန်တော့်နာမည်မှာ “ကို” တပ်ခေါ်ပြီး ထိပ်တုံးဘေးနှစ်တောင်လောက်အကွာက သစ်သား ကွပ်ပျစ်ကြမ်းပေါ် မှာ တင်ပလ္လင်ခွေပြီး အကျအနထိုင်ပါတယ်။ နောက် လက်ထဲက ဗြုတ်စဗျင်းတောင်းတွေကို အစီအရီနေရာချနေလေရဲ့။ လျှပ်စစ်အားသွင်းလက်နှိပ်ဓါတ်မီးတစ်လုံး၊ လိမ္မော်ရောင်ဂက်စ်မီးခြစ်တစ်လုံး၊ သောက်လက်စ စီးကရက်တစ်ဗူး၊ M-150 အချိုရည်တစ်ပုလင်း၊ ဘာတွေထည့်ထားမှန်းမသိတဲ့ကြွပ်ကြွပ်အိတ်ခပ်သေးသေးနှစ်လုံးနဲ့ခပ်ကြီးကြီး ပလပ်စတစ်အိတ် အမည်းရောင်တစ်လုံး။

ဒီစစ်ကြောရေးတစ်လျှောက်လုံးသူက ကျွန်တော့်ရဲ့ အင်တာဗျူးဆရာဖြစ်လာမယ့် စစ်ထောက်လှမ်းရေးဆိုတာ အဲဒီတုန်းက မသိသေး။ ၅ ပေ ၅ လက်မလောက်ရှိမယ့် သူ့အရပ်ရယ်၊ ခြေသလုံးနား ရောက်နေတဲ့စကောစက ဘောင်းဘီတိုပွပွရယ်၊ အနက်နောက်ခံမှာ အဖြူစင်းရှပ်လက်ရှည်ကို တံတောင်ဆစ်နားမရောက်တရောက်ခေါက်ထားတဲ့ ၀တ်ပုံစားပုံက ငယ်ငယ်က ကျွန်တော်တို့ ကျောင်း၀င်းထဲ ဘေးတွဲဆိုင်ကယ်နဲ့ ရေခဲချောင်းလာရောင်းတဲ့ ဦးလေးကြီးနဲ့တောင်တူသေး။ ရေခဲချောင်းသည်နဲ့ပိုတူတာက သူ့ခါးက ဇစ်တွေအများကြီးပါ တဲ့ခါးပတ်အိတ်ပဲ။

“ခင်ဗျားကိုဖမ်းချင်လို့ဖမ်းလာတာမဟုတ်ဘူး၊ မေးစရာလေးနည်းနည်းရှိလို့ခေါ်လာတာ၊ ခင်ဗျားသိတာလေးတွေပြောပြ၊ နော်၊ ဟုတ်ပြီလား၊ ပြီးရင် ပြန်ခိုင်းမယ်”

သူ့လေသံက ခပ်အေးအေးပဲ။ တကယ့်ကို ပူပူနွေးနွေးယဥ်ကျေးလိမ္မာ သင်တန်းဆင်း ကလေးတစ်ယောက်လို။ ပါးစပ်ကတတွတ်တွတ်ပြောနေရင်း လက်ကလည်း ပလပ်စတစ်အိတ် အမည်းရောင်ကိုဖွင့်တယ်။ မီးချောင်းအလင်းရောင်မှိန်မှိန်မှာ အိတ်ထဲက ထွက်လာတာတွေက ကျွန်တော့်ပိုက်ဆံအိတ်ရယ်၊ ပိုက်ဆံခပ်များများထည့်ထားတဲ့ သီးသန့်အိတ်တစ်ခုရယ်၊ ကားသော့ရယ်၊ ကျွန်တော့်လက်စွပ်နှစ်ကွင်းရယ်၊ တစ်ခြားကျွန်တော့်ရဲ့ အကြိုက်ဆုံးတစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းနှစ်မျိုး။ ဒါတွေအားလုံး စစ်ဆေးရေးဂိတ်မှာတုန်းက ကျွန်တော့်ဆီက သိမ်းထားတာတွေ။

နောက်တော့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံရော၊ သီးသန့်အိတ်ထဲက ငွေစက္ကူထပ်တွေကိုပါ စိမ်ပြေနပြေသူထိုင်ရေပါတယ်။ ရေနေရင်းကနေ တစ်ခါတစ်ခါ ကျွန်တော့်ကို လှမ်းစကားပြော သေးတယ်။ “ခင်ဗျားပိုက်ဆံအိတ်ထဲမှာက ဘယ်နှသိန်းရှိသလဲဗျ” ဆိုတဲ့ မေးခွန်းမျိုး၊ “ခင်ဗျား ဘာအလုပ်လုပ်တာလဲ၊ ပိုက်ဆံတွေက အများကြီးပဲ” ဆိုတဲ့အပြောမျိုး။ ကျွန်တော့်အကြိုက်ဆုံး ပစ္စည်းတစ်မျိုးကို ကိုင်ကြည့်ပြီး “ဒါကစျေးကြီးမှာပဲ၊ ဘယ်လောက်ပေးရလဲ” ဆိုတာမျိုးတွေ မရပ်မနားပဲ။

လုပ်ရင်းကိုင်ရင်း “ကျွန်တော်မလျှော်နိုင်ဘူးနော်” ဆိုတဲ့ စကားကိုတော့ အထပ်ထပ်ရေရွတ်လေရဲ့။

“ပိုက်ဆံက အားလုံး သိန်း xxx ရာရှိတယ်၊ မှန်ရဲ့မို့လားဗျ၊ ခင်ဗျားပြန်ရင် အကုန်ပြန်ထည့်ပေး လိုက်မှာ၊ မှားရင် ကျွန်တော်မလျှော်နိုင်ဘူး”

ပြီးတာနဲ့ အိတ်ကပ်ထဲက စာရွက်တစ်ရွက်ထုတ်ပြီး ငွေအရေအတွက်ကိုသေချာချရေးပါတယ်၊ ပစ္စည်းစာရင်းလုပ်ပါတယ်။ ကျွန်တော့်ကိုမှန်ကန်ကြောင်းလက်မှတ်ထိုးခိုင်းပါတယ်။

လူကစိတ်တော်တော် ပေါ့သွားပါတယ်။ စစ်ကြောရေးကလည်း စာအုပ်ထဲကလောက် မဆိုးပါဘူးပေါ့။ ငါးဟင်းနဲ့လည်းထမင်းကျွေးတယ်၊ ရေလည်းတိုက်တယ်၊ မေးတဲ့သူကလည်း စကားကိုယဥ်ယဥ်ကျေးကျေးပြောတယ်။ ဟော၊ အခုကြည့်၊ ပါတဲ့ငွေနဲ့ပစ္စည်းတွေပါ ပြန်ရင် အကုန်ပြန်ပေးဦးမှာတဲ့။

ခြေထောက်တွေထိတ်တုံးအခတ်ခံထားရပြီး လက်ထိတ်တန်းလန်းနဲ့ပေမယ့် လူကအူမြူးလာတယ်။ စောစောက စိုးရိမ်နေတဲ့စိတ်ကလေးတောင် ဘယ်နားကျပျောက်သွားမှန်းမသိတော့။ နည်းနည်းပျော်သလိုဖြစ်သွားပြီး ပန်းကန်ထဲမှာ မစားဘဲ ချန်ထားခဲ့တဲ့ ငါးရံ့ကိုပြုံးစိစိနဲ့ကြည့်ပြီး “ကဲ၊ ဘယ်လိုလဲ၊ အေးဆေးနော်သားရီး” ဆိုပြီးစချင်စိတ်တောင်ပေါက်လာတယ်။ ခရီးထွက်နေတဲ့ ရည်းစားကိုလည်း ချက်ချင်းလွမ်းလာတယ်။ ဒီရက်ပိုင်းပြန်တွေ့ကြရင် တိုင်ပင်စရာတွေ အများကြီး ရှိနေတာကိုလည်း သတိရလာတယ်။

ဘာပဲဖြစ်ဖြစ်၊ သူတို့မေးစရာရှိတာမေးပြီးရင် ပြန်လွှတ်မယ်ဆိုတော့လည်း ကိုယ့်ဘက်က ဖြေစရာရှိတာဖြေယုံပေါ့၊ ဘာခက်တာမှတ်လို့။ ငွေပမာဏပြော၊ ပစ္စည်းတွေစစ်ခိုင်း၊ လက်မှတ်ထိုးခိုင်းပြီးတာနဲ့ သူက ခပ်အေးအေးပဲ ကွပ်ပျစ်ပေါ်ကပစ္စည်းတွေ (ကျွန်တော့်ပိုက်ဆံနဲ့ ပစ္စည်းတွေအပါအ၀င်) သိမ်းပြီး ဖုတ်ဖက်ခါ ထပြန်သွားလေရဲ့။

မေးစရာရှိလို့ခေါ်လာတယ် ပြောပြီးဘာမှမမေးဘဲ ထ ပြန်သွားတော့ စိတ်ထဲ တမျိုးတော့ဖြစ်မိသား။ ဒီဘဲ ဘာလဲပေါ့။ အေးလေ၊ သူ ပစ္စည်းတွေ သွားသိမ်းတာဖြစ်မှာပါ။ ပြီးရင် ပြန်လာမေးမှာပေါ့။

တကယ်လည်းကဗျာဆရာ ပါးကွက်သားရောက်မလာခင် အထိအဲဒီလိုတွေးနေခဲ့တာပါ။ နောက်ထပ်အဖြစ်အပျက်တွေကတော့ စာရှုသူပရိသတ်တို့ ရှေ့မှာ ဖတ်ရပြီးဖြစ်ကြတဲ့ အတိုင်းပါပဲ။

“၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”
ညချမ်းချိန်ခါ ဘေ့စ်ဘောသံသာ

(အခုစာကို မရေးခင် လေးရက်လောက်ကစပြီး လက်က တော်တော့်ကို ပြန်ကိုက်လာပါတယ်။ လေ့ကျင့်ခန်းတစ်ခုလုပ်နေရင်းကနေ ရုတ်တရက်ပြန်နာလာတာ။ ဆေးလိမ်း၊ ဆေးသောက်လုပ်ရင်း အတော်လေးပြန်သက်သာလာပေမယ့် သေရာပါသွားမယ့် ကဗျာဆရာပေးတဲ့ ၀ေဒနာတွေပေါ့၊ အခုတော့လက်နာတိုင်းခင်ဗျားကို လွမ်းနေရပြီကဗျာဆရာရေ)

ဆိုင်းဆရာက သူ့ပတ်၀ိုင်းကိုစမ်းသလို ကဗျာဆရာပါးကွက်သားက သွေးပူလေ့ကျင့်ခန်း လုပ်အပြီးမှာတော့ အချိန်ဟာ ခဏ တန့်နေသေးတယ်။ ပုဇဥ်းရင်ကွဲတွေရဲ့ အော်သံဟာ တိတ်ဆိတ်ညရဲ့ တေးသံလေလား၊ မိုးမျှော်နေတဲ့ ဖားကလေးတွေဟာ သိကြားမင်းကြီးကို အော်ခေါ်နေကြပါသလား။ ကျွန်တော်ကရော ဘယ်သူ့ကို သတိရနေပါသလဲ။ မေမေ့ကိုလား၊ ချစ်သူကိုလား။ ပါးကွက်သားရဲ့ လက်သုံးတော်ကိုလား။

ဟင့်အင်း၊ ဟင့်အင်း။ ကျွန်တော်က ကျွန်တော့်ရဲ့ ထောက်လှမ်းရေးဆရာကို မျှော်နေတာဖြစ်ရမယ်။ ဟုတ်တယ်လေ၊ သူက ကျွန်တော့်ကို မေးစရာရှိတာမေးပြီး အိမ်ပြန်ခိုင်းမယ် ပြောထားတာပဲ။ သူ့ဘောင်းဘီတိုက နည်းနည်း ကိုးယို့ကားယားဖြစ်နေပေမယ့် သူ့လေသံကယဥ်ကျေးပြီး လူကြီးလူကောင်းဆန်တယ်လေ။ သူ့စကား သူတာ၀န်ယူမှာပါ။

ဖားတွေသိကြားမင်းကြီးကိုတိုင်တည်သံ တဖြည်းဖြည်းတိတ်သွားချိန်မှာတော့ အချုပ်ခန်းတံခါးဖွင့်သံ ခပ်ကျယ်ကျယ်ကိုပြန်ကြားရတယ်။ ဟော၊ သူပြန်လာပြီ၊ ထောက်လှမ်းရေးဆရာ ပြန်လာပါပြီ။ စေတနာကောင်းသူကြီး၊ ကျွန်တော့်ပိုက်ဆံတွေပါ အိမ်ပြန်ရင် ပြန်ထည့်ပေးလိုက်မယ့်ဆရာသမား။

“ကဲပြော၊ အဲဒီလူတွေဘယ်မှာလဲ၊ သူတို့ရှိတဲ့နေရာသာပြောပြ၊ ပြီးရင်ခင်ဗျားကိုပြန်ခိုင်းမယ်”

လူ သုံးယောက်ရဲ့ နာမည်တွေကို သူပြောပါတယ်။ ကျွန်တော်နဲ့အတိုင်းအတာတစ်ခုအထိ ခင်မင်ရသူတစ်ဦးနဲ့ သိယုံသိတဲ့ အခြားသူနှစ်ဦး။ သူတို့နယ်ပယ်နဲ့သူတို့ လူသိများသူတွေ။ ကျွန်တော်မှ မဟုတ်၊ သူတို့က လူတော်တော်များများနဲ့လည်းအသိမိတ်ဆွေတွေပါ။ သုံးယောက်စလုံးကတော့ ဖေဖော်၀ါရီ ၁ ရက်နေ့အာဏာသိမ်းမှုအပြီး စစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ သူ့နေရာနဲ့သူ ဦးဆောင်သူတွေ။ ကျွန်တော်ကတော့ ဘုရားစူးဆန္ဒပြသမား၊ လမ်းလျှောက်ဖြစ်တယ်ဆိုယုံ။ လမ်းထဲက အဖွားကြီးတွေတောင် ကျွန်တော့်ထက် ပိုလှုပ်ရှားသေးတယ်။

အဲဒီလူတွေအခုဘယ်ရောက်နေကြမှန်းမသိကြောင်း၊ အရင်ကတည်းကလည်း ကျွန်တော်နဲ့ နည်းနည်းခင်တဲ့တစ်ယောက်နဲ့ တစ်ခါတစ်လေသာလူချင်းတွေ့ဖြစ်ကြောင်း၊ ကျန်တဲ့နှစ်ယောက်နဲ့ လူချင်းသိပ်မသိကြောင်း၊ အွန်လိုင်းမိတ်ဆွေသာဖြစ်ကြောင်း စီကာပတ်ကုံးရှင်းပြပါတယ်။

သူထပ်မေးလို့ ဆန္ဒပြရာမှာ ကျွန်တော်ဘယ်လိုပါတယ်ဆိုတာတွေပါ အသေးစိတ် ပြောပြပါသေးတယ်။ အဲဒီအချိန်အထိ သူ့ကိုယုံနေပြီး တကယ်ကိုစိတ်ရင်းနဲ့ အမှန်အတိုင်း ရှင်းပြနေခဲ့တာပါ။ အိမ်ပြန်ရမယ်ဆိုတာလည်း တထစ်ချယုံထားပါတယ်။

“အဲဒီလူတွေဘယ်မှာလဲ၊ သူတို့ရှိတဲ့နေရာသာပြောပြ၊ ပြီးရင်ခင်ဗျားကိုပြန်ခိုင်းမယ်”

“သူတို့ရှိတဲ့နေရာလောက်သာပြော၊ ခင်ဗျားကိုဘာမှမလုပ်ဘူး၊ သူတို့ဘယ်မှာလဲ”

သူ့မေးခွန်းကမပြောင်း၊ ကျွန်တော့်အဖြေကလည်းမပြောင်း။

သူ စိတ်ရှည်စွာပဲ မေးပြီး ပြန်ထွက်သွားတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ကဗျာဆရာ၀င်လာတယ်။

“၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”

“မေးတာကို အမှန်အတိုင်းပြောလိုက်၊ ဆရာကြီးစိတ်ဆိုးသွားရင် မင်းမလွယ်ဘူး”

ကဗျာဆရာရဲ့ သွားကြားက အသံ။ ပြီးရင်တော့ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”၊ “၀ှီး၊ ဘုန်း”

ပါးကွက်သား ပြန်ထွက်သွားတယ်။ ထောက်လှမ်းရေးအင်တာဗျူးဆရာပြန်၀င်လာတယ်။

“အဲဒီလူတွေဘယ်မှာလဲ၊ သူတို့ရှိတဲ့နေရာသာပြောပြ၊ ပြီးရင်ခင်ဗျားကိုပြန်ခိုင်းမယ်”

ညဟာ ရှည်လွန်းနေသလား၊ ဒါမှမဟုတ် ဒီညဟာ ပြီးဆုံးသွားပြီးသားညလား၊ နောက်တစ်နေ့ကိုကူးသွားပြီးလို့ နောက်တစ်ညကိုရောက်သွားတာလား။ အိပ်ချင်လိုက်တာဗျာ၊ ငိုက်လိုက်တာဗျာ။ ကျွန်တော် ခဏလေးအိပ်လို့ရမလား။ မနိုးလာတော့ရင် ပိုကောင်းမှာပဲ။

ထောက်လှမ်းရေးဆရာက ကျွန်တော့်ကိုစကားတွေဆက်ပြောနေသလား၊ ကဗျာဆရာက ဆက်ရိုက်နေသလား။ မသိပါ၊ မသိပါ။ ကျွန်တော်အိပ်ချင်တာသာသိပါတယ်။

(စာကြွင်း – နောင်တစ်ချိန်ကျွန်တော့်ကို ရုံးတင်တရားစွဲတဲ့အချိန်မှာ အဲဒီညက ရေတွက်ခဲ့တဲ့ ငွေတွေထဲက တချို့တ၀က်ကိုပဲ တရားရုံးတင်ပြီး ကျန်တဲ့ငွေနဲ့ ပစ္စည်းတွေ ဘယ်ဆီရောက်မှန်း မသိရတော့)

ဆက်လက်ဖော်ပြပါမည် –

◼︎ဇာတ